Sport

ကမ္ဘာ့ဖလားအတွက် ဆိုမာလီ ဒိုင်လူကြီး အာတန် အမေရိကန် ဝင်ခွင့် ပိတ်ပင်ခံရ

VALPARAISO, CHILE – OCTOBER 03: Referee Omar Abdulkadir Artan shows yellow card during the FIFA U-20 World Cup Chile 2025 Group B match between Panama and Korea Republic at Estadio El?as Figueroa Brander on October 03, 2025 in Valparaiso, Chile. (Photo by Hector Vivas – FIFA/FIFA via Getty Images

ဇွန် ၉ -၂၀၂၆

ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်တွေမှာ ပထမဆုံး အကြိမ်အဖြစ် တာဝန်ယူ ကိုင်တွယ်ရမယ့် ဆိုမာလီလူမျိုး ဒိုင်လူကြီး ဖြစ်လာဖို့ရှိနေတဲ့ အိုမာ အာတန် ဟာ အမေရိကန်နိုင်ငံထဲ ဝင်ခွင့် ငြင်းပယ်ခံရပြီးနောက် ဒိုင်လူကြီး စာရင်းကနေ ပယ်ဖျက်ခြင်း ခံလိုက်ရပါတယ်။

၂၀၂၅ ခုနှစ် အတွက် အာဖရိကဘောလုံးအဖွဲ့ချုပ် CAF ရဲ့ တနှစ်တာ အကောင်းဆုံး အမျိုးသား ဒိုင်လူကြီးဆုရှင် အာတန် ဟာ မိုင်ယာမီ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ နိုင်ငံထဲဝင်ခွင့် ပိတ်ပင်ခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ တူရကီနိုင်ငံကို ရောက်ရှိနေပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေ ဘက်ကတော့ အာတန်ကို နေရပ်ပြန်လွှတ်ခဲ့ရတဲ့ အကြောင်းရင်းကို ထုတ်ပြန်ထားခြင်း မရှိပါဘူး၊ ဒါပေမဲ့ ဆိုမာလီ နိုင်ငံဟာ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က ချမှတ်ထားတဲ့ ခရီးသွားလာခွင့် ပိတ်ပင်ထားတဲ့ နိုင်ငံများစာရင်း ထဲမှာ ပါဝင်နေတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ကတော့ အမေရိကန် အာဏာပိုင်တွေနဲ့ စကားပြောဆိုပြီး နောက်မှာ အာတန် အနေနဲ့ ဒီပြိုင်ပွဲကို လွဲချော်တော့မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ဒိုင်လူကြီး အိုမာ အာတန် အနေနဲ့ အမေရိကန်နိုင်ငံထဲ ဝင်ခွင့်ငြင်းပယ်ခံရ ပြီးနောက် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားမှာ လေ့ကျင့်ရေး ဆင်းခွင့်နဲ့ ဒိုင်လူကြီး အဖြစ် တာဝန်ယူခွင့် ရတော့မှာမဟုတ်ကြောင်း ဖီဖာအနေနဲ့ အတည်ပြုနိုင် ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဖီဖာဟာ ဗီဇာဆုံးဖြတ်ချက်တွေ အပါအဝင် အိမ်ရှင်နိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်ခြင်း မရှိပါဘူး၊ မစ္စတာ အာတန်ရဲ့ လက်ရှိ အခြေအနေကို လတ်တလော ပြောင်းလဲပေးမှာ မဟုတ်ကြောင်း အာဏာပိုင်တွေက အကြောင်းကြားထားပါတယ်။”

“အရင် ဖီဖာပြိုင်ပွဲတွေရဲ့ ထုံးစံအတိုင်းပဲ ဘယ်သူ့ကို ဗီဇာပေးမလဲ၊ ဘယ်သူ့ကို နိုင်ငံထဲ ပေးဝင်မလဲ ဆိုတာကို အိမ်ရှင်အစိုးရကပဲ အဆုံးအဖြတ် ပေးတာ ဖြစ်ပါတယ်။”

ဒိုင်လူကြီးများဆိုင်ရာ အကြီးအကဲ ပီယာလူအီဂျီ ကိုလီနာ ဟာ ဒီပြိုင်ပွဲမှာ တာဝန်ယူမယ့် ဒိုင်လူကြီး ၅၂ ဦးနဲ့ စည်းကြပ်ဒိုင် ၈၈ ဦးတို့ အတွက် လေ့ကျင့်ရေး ဗဟိုစခန်းတခုကို မိုင်ယာမီမှာ ဖွင့်ထားပါတယ်။

ကွင်းတွင်းဒိုင်လူကြီး အားလုံးဟာ လေ့ကျင့်ရေး၊ ပြင်ဆင်မှုနဲ့ လုံခြုံရေးတို့ အတွက် ဖလော်ရီဒါက အဲဒီစခန်းမှာပဲ မဖြစ်မနေ တည်းခိုကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် အာတန် အနေနဲ့ အမေရိကန်နိုင်ငံ ပြင်ပမှာ နေထိုင်ပြီး ကနေဒါ ဒါမှမဟုတ် မက္ကဆီကို နိုင်ငံတွေမှာ ကစားမယ့် ပွဲစဉ်တွေကိုပဲ သီးသန့် သွားရောက် ကိုင်တွယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဆိုမာလီ နိုင်ငံ လူငယ်နှင့်အားကစားဝန်ကြီးဌာနရဲ့ အကြီးတန်း အကြံပေးတဦး ကတော့ နိုင်ငံထဲ ဝင်ခွင့်ငြင်းပယ်ခံရမှုကို အတည်ပြုခဲ့ပြီး အာတန်ဟာ တရားဝင် ခရီးသွား စာရွက်စာတမ်း အပြည့်အစုံနဲ့ သွားရောက် ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။

နိုင်ရိုဘီမြို့ ဆိုမာလီ သံရုံးအရာရှိတဦးကလည်း အာတန်ဟာ အရင်က ဗီဇာ အခက်အခဲတွေ ရှိခဲ့ဖူးတာကြောင့် သူ့ရဲ့ ခရီးသွားလာမှုကို လွယ်ကူချောမွေ့ စေဖို့ အတွက် ဒီသံတမန် ပတ်စပို့ ကို သီးသန့် ထုတ်ပေး ထားခဲ့တာလို့ ဆိုပါတယ်။

ရိုက်တာ သတင်းဌာနရဲ့ ထုတ်ပြန်ချက်တခုမှာတော့ အာတန်က အခုလို အခြေအနေမျိုး ကြုံနေရပေမဲ့ စိတ်ဓာတ်ကျမနေဘဲ နောက်ထပ် စိန်ခေါ်မှုတွေ အတွက်ပဲ အာရုံစိုက်ထားတယ်လို့ ပြောပါတယ်။

“ကျွန်တော့်ကို ကူညီပံ့ပိုးပေးခဲ့ကြတဲ့ ဖီဖာ နဲ့ CAF တို့ကို ကျေးဇူးတင်ပါတယ်၊ အနာဂတ် အတွက် အာရုံစိုက် နေချိန်မှာ ကျွန်တော့်ရဲ့ ဒိုင်လူကြီး အရည်အသွေးကို ဆက်ပြီး ထိန်းသိမ်း ထားမယ်လို့ ကတိပြု ပါတယ်” လို့ သူက ပြောပါတယ်။

“ကျွန်တော့်ဆီ မက်ဆိတ် ပို့ပြီး အားပေးကြတဲ့ ဘောလုံး မိသားစုကြီးကို ကျေးဇူးတင်ပါတယ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း ကျွန်တော့်ရဲ့ လုပ်ဖော် ကိုင်ဖက် ဒိုင်လူကြီးတွေ အားလုံး အောင်မြင်ပါစေကြောင်း ဆုတောင်း ပေးပြီး နောက်ပိုင်း ပြိုင်ပွဲတွေမှာ သူတို့နဲ့ ပြန်လည် ပူးပေါင်းနိုင်ဖို့ မျှော်လင့်ပါတယ်”

ဆိုမာလီဘောလုံးအဖွဲ့ချုပ် (SFF) ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးပေါ် ရှင်းလင်းချက် ထုတ်ပေးဖို့ ဖီဖာဆီ ဆက်သွယ်ထားပါတယ်။

အိမ်ဖြူတော်ရဲ့ ကမ္ဘာ့ဖလားဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ဦးဆောင်နေတဲ့ အင်ဒရူး ဂျူလီယာနီ က “ဒီကိစ္စရဲ့ နောက်ကွယ်က (လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ) အသေးစိတ် အချက်အလက်တွေကို ကျွန်တော် ဝင်မပြောနိုင်ပေမဲ့ ဒါဟာ အကောက်ခွန်နဲ့ နယ်စပ် ကာကွယ်ရေး အဖွဲ့ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြောနိုင်ပြီး အဲဒီ ဆုံးဖြတ်ချက်ကို ကျွန်တော် ထောက်ခံပါတယ်” လို့ ဆိုပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဆိုမာလီအမျိုးသား ဘောလုံးလိဂ် ချန်ပီယံရှစ် ပွဲစဉ်တွေရဲ့ တရားဝင် ဒိုင်လူကြီး တဦးဖြစ်တဲ့ အာတန်ဟာ ၂၀၁၈ ခုနှစ်မှာ ဖီဖာဒိုင်လူကြီး ဖြစ်လာခဲ့တာ ဖြစ်ပြီး အာဖရိကဖလား ပွဲစဉ်တွေကိုလည်း ကိုင်တွယ် ခဲ့ဖူးသူ ဖြစ်ပါတယ်။

အာတန် ကြုံတွေ့ရတဲ့ အခြေအနေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ထိခိုက်စေတဲ့ လတ်တလော ရှုပ်ထွေးမှုတခု ဖြစ်လာခဲ့ပြီး၊ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်း ကလည်း အီရန် ဘောလုံးအဖွဲ့ချုပ်က သူတို့ရဲ့ အုပ်စုအဆင့် ပရိသတ် လက်မှတ် ခွဲတမ်းတွေ အပယ်ဖျက်ခံလိုက်ရတယ်လို့ ပြောကြားထား ပါတယ်။

ref: bbc sports

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *