နိုင်ငံတကာ

ကာတာ သဘာဝဓာတ်ငွေ့စက်ရုံတခုနဲ့ ဆော်ဒီ က ရေနံချက် စက်ရုံ တခုကို အီရန် တိုက်ခိုက်

မတ်လ ၂ – ၂၀၂၆

ကာတာနိုင်ငံက အဓိက သဘာဝဓာတ်ငွေ့စက်ရုံတခုနဲ့ ဆော်ဒီအာရေး ဗီးယား က ရေနံချက် စက်ရုံ တခုကို အီရန်က ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပြီး၊ ဆော်ဒီရေနံချက် စက်ရုံ မီးလောင်မှု ကိုတော့ ထိန်းချုပ် နိုင်ပြီ လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတကာစျေးကွက်မှာ ဓာတ်ငွေ့စျေး နှုန်းတွေဟာ တစ်ဟုန်ထိုး မြင့်တက်သွားပြီး ၄၂ ရာခိုင်နှုန်း အထိ စံချိန်တင် တချက် မြင့်တက်ခဲ့ပါတယ်။

စနေနေ့က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် အီရန် အမြင့်ဆုံး ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့ရပြီး နောက်၊ အစ္စရေး စစ်တပ်က တီဟီရန်မြို့ပေါ်ကို တိုက်ခိုက်မှု အသစ်တွေ ထပ်မံ လုပ်ဆောင်ခဲ့ပေမဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ကတော့ ဒါဟာ အဆုံးမရှိတဲ့ စစ်ပွဲ ဖြစ်လာမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ကူဝိတ်နိုင်ငံမှာတော့ အမေရိကန် တိုက်လေယာဉ်တချို့ ပျက်ကျခဲ့ပြီး၊ ဒါဟာ မဟာမိတ် အချင်းချင်း မှားယွင်းပစ်ခတ်မိတဲ့ Friendly fire ဖြစ်ပုံရတယ်လို့ အမေရိကန် စစ်တပ်က ဆိုကာ လေယာဉ်တစင်း မြေပြင်ပေါ် ပျက်ကျသွားတဲ့ ဗီဒီယိုမှတ်တမ်းလည်း ထွက်ပေါ်လာပါတယ်။

တချိန်တည်းမှာပဲ အီရန်ရဲ့ အစောပိုင်း တိုက်ခိုက်မှုတွေ အတွင်း အမေရိကန် စစ်သည် စုစုပေါင်း ၄ ဦး သေဆုံးသွားပြီလို့ အမေရိကန် ဘက်က အတည်ပြုခဲ့ပေမဲ့ ဘယ်နေရာမှာ သေဆုံးခဲ့တယ် ဆိုတာကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါ။

လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဘေရွတ်မြို့နဲ့ လက်ဘနွန် တောင်ပိုင်းကို အစ္စရေးက တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အစ္စရေးကတော့ ဒါဟာ ဟစ်ဇ်ဘိုလာ အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ပြန်လည် တုံ့ပြန်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆိုက်ပရပ်စ် နိုင်ငံမှာလည်း ဗြိတိန် စစ်စခန်းတခုဆီ ဦးတည်လာတဲ့ ဒရုန်း နှစ်စင်းကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ပြီး၊ ဒါဟာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု တွေရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တခု ဖြစ်ပါတယ်။

ဒီစစ်ပွဲဟာ စွမ်းအင်ကဏ္ဍကို ရိုက်ခတ်လာတဲ့ အတွက် ကမ္ဘာ့လောင်စာဆီ စျေးနှုန်းတွေ အကြီးအကျယ် တက်လာနိုင် သလို ကူဝိတ်မှာ အမေရိကန် လေယာဉ်တွေ အချင်းချင်း မှားပစ်မိတာ ဟာ စစ်မြေပြင် ရှုပ်ထွေးမှုတွေ ဘယ်လောက်ရှိနေ သလဲ ဆိုတာကို ပြသနေပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *