နိုင်ငံတကာ

ကျားဖျန့်ခေါင်းဆောင် ရှီကျင်ကျန်း ကို တရုတ်နိုင်ငံကို ရက် ၉၀ အတွင်း လွှဲပြောင်းဖို့ ထိုင်း အယူခံ တရားရုံး ဆုံးဖြတ်

နိုဝင်ဘာ ၁၀ – ၂၀၂၅

တရုတ်နိုင်ငံက အလိုရှိနေတဲ့ ကျားဖျန့် ခေါင်းဆောင် ရှီကျင်ကျန်း ကို ထိုင်းနိုင်ငံ အယူခံတရားရုံးက ရက်ပေါင်း ၉၀ အတွင်း တရုတ်နိုင်ငံကို လွှဲပေးဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံ ရှေ့နေချုပ်ရုံး (OAG) ကလည်း တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံသား ဖြစ်သူ ရှီကျင်ကျန်း ကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံဆီ လွှဲပြောင်းပေးရေး ကိစ္စမှာ တိုးတက်မှုရှိကြောင်း ကြေညာခဲ့ပါတယ်။

ရှီကျင်ကျန်း ဟာ တရုတ်နိုင်ငံ ရာဇဝတ် ဥပဒေအရ ပြစ်မှုမြောက်တဲ့ တရားမဝင် လောင်းကစားရုံတွေ တည်ထောင် လုပ်ကိုင်မှု စွဲချက်တွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ရှီကျင်ကျန်း နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ တရားရုံး က ရာဇဝတ်သား လွှဲပြောင်းရေး ဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖေါက်ခြင်း မရှိကြောင်း တညီတညွတ် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ငွေကြေးလည်ပတ်မှု ယွမ် ၂၇၇၅ ဘီလီယံကျော် ရှိတဲ့ လောင်းကစား ဝက်ဘ်ဆိုက် ၂၃၉ ခုကျော် ကို ရှီကျင်ကျန်း ဟာ တည်ထောင် ထားတယ် လို့ စွပ်စွဲခံထားရသူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရွှေကုက္ကို စီးပွားရေး အထူးဇုန် ကို တည်ထောင်ခဲ့သူလည်း ဖြစ်တဲ့ ရှီကျင်ကျန်း ဟာ ရွှေကုက္ကိုမှာ တရုတ် လောင်းကစား သမားတွေ ကို ပစ်မှတ်ထားတဲ့ လောင်းကစားရုံ တည်ဆောက် ထားတယ်လို့ ဆိုပါ တယ်။

လက်ရှိမှာ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ Klong Prem ဗဟို အကျဉ်းထောင် မှာ အကျဥ်းကျ ခံနေရသူ ရှီကျင်ကျန်း ကို ၂၀၂၂ သြဂုတ်လမှာ တရုတ် အစိုးရ ရဲ့ တောင်းဆိုချက်နဲ့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ၂၀၂၃ မှာ တရုတ်ကို လွှဲပြောင်း ပေးဖို့ ကိစ္စမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီဘူးလို့ ဆိုကာ အယူခံဝင်ခဲ့တာပါ။

အခုတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မချိုးဖောက်ကြောင်း ဆုံးဖြတ်ထား သလို နောက်ဆုံး အယူခံ တရားရုံးကလည်း အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက် ကို အတည်ပြုခဲ့ပြီး ရက်ပေါင်း ၉၀ အတွင်း သူ့ကို တရုတ်ကို လွှဲပြောင်းဖို့ အမိန့် ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *