မေလ ၂၆ – ၂၀၂၆
ရခိုင်ပြည်နယ်မှာ စစ်တပ်က ကျောက်ဖြူ – ရမ်းဗြဲ လမ်းပိုင်းကို ပြန်ထိန်းချုပ် နိုင်ဖို့ ကြိုးပမ်းနေရာမှာ အာရက္ခတပ်တော် AA ရဲ့ ကြားဖြတ် တိုက်ခိုက်မှုတွေကြောင့် စစ်တပ် ရှေ့မတိုးနိုင်ပဲ ရှိနေတယ်လို့ သိရပါတယ်။
“လက်ရှိ အနေအထားက အစိုးရတပ်က ကျောက်ဖြူ – ရမ်းဗြဲ လမ်းပိုင်းကို ပြန်ထိန်းချုပ် နိုင်ဖို့ ကြိုးပမ်းနေတာ။ ဒါပေမယ့် AA ရဲ့ ကြားဖြတ် တိုက်ခိုက်မှုတွေ ရှိနေတော့ ရှေ့မတိုးနိုင်သေးဘူး။ ဒါကြောင့် ခုနောက်ပိုင်း စစ်တပ်ဘက်က လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးတွေ ပစ်တာတွေ ပိုပြီး စိပ်လာတယ်” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
လက်ရှိမှာ ကျောက်ဖြုမြို့နယ်၊ စနဲမြို့ အနီးက တောင်မော်ဦး ရေတပ် စခန်းဝန်းကျင်နဲ့ သိုင်းချောင်း၊ ဇိုင်ချောင်း တဝိုက်မှာ တိုက်ပွဲတွေ နေ့စဉ် ပြင်းထန် နေပြီး စစ်တပ်က လေကြောင်းကနေ လေယာဉ်၊ ဒရုန်းတွေ အသုံးပြုကာ ရေကြောင်း ကနေလည်း လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ် နေတယ်လို့ သိရပါတယ်။
“တိုက်ပွဲတွေက ဒီလဆန်းပိုင်းကစပြီး ပြင်းထန်လာတာ။ ဒရုန်းတွေ၊ လက်နက်ကြီးတွေကျလို့ ရွာတော်တော် များများလည်း ပျက်စီးသွားပြီ။ စစ်ရှောင်တွေအတွက် ပြန်မယ်ဆိုရင်တောင် နေစရာ အိမ်မရှိတော့တဲ့ အခြေအနေပါ။ အများစုက ဘာပစ္စည်းမှ ယူချိန်မရဘဲ အဝတ်တထည် ကိုယ်တခုနဲ့ ရှောင်လာရတဲ့သူတွေချည်းပဲ။ မိုးသည်းနေတဲ့ကြားမှာ နေစရာနေရာမရှိဘဲ အတော်လေး ဒုက္ခရောက်နေကြတယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် စနဲမြို့ပေါ် ရပ်ကွက် ငါးခုက ဒေသခံတွေအပြင် ကျောက်ဖြူမြို့နယ် အတွင်းက စံပါယ်ရှောင်၊ မျှောချောင်း၊ ဒွေးချ၊ တောင်မှော်၊ အလယ်ဒွီန်၊ အနောက်ထိန်ဒွေ၊ အရှေ့ထိန်ဒွေ အစရှိတဲ့ ကျေးရွာပေါင်း ၁၄ ရွာဝန်းကျင်က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ရမ်းဗြဲမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တွေ ဘက်ကို စစ်ဘေး တိမ်းရှောင် နေရပါတယ်။
လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်မှုကြောင့် စနဲမြို့အနီးက ကျေးရွာပေါင်း ၂၀ ဝန်းကျင်က နေအိမ်တွေ ပျက်စီးခဲ့ရသလို ပေါက်ပြင်နဲ့ ရွာသစ်ကေကျေးရွာ အတွင်းမှာလည်း လူထိခိုက် သေဆုံးမှု တွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် တောင်မော်ဦး ရေတပ်စခန်းအနီး ပတ်လည်မှာရှိတဲ့ တောင်မော်၊ ပြုံးပြဲ၊ သိုင်း ချောင်း၊ ဇိုင်ချောင်း၊ ထိန်ဒွေ၊ အဝတောင် အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ တသောင်းနီးပါးလည်း ထပ်မံ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်ဟာ တရုတ်နိုင်ငံရဲ့ ဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံထားတဲ့ ရေနက်ဆိပ်ကမ်းနဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း တည်ရှိရာ နေရာဖြစ်တာကြောင့် နှစ်ဘက် တပ်ဖွဲ့တွေ အတွက် စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး အရ အလွန်အရေးပါတဲ့ မဟာဗျူဟာမြောက် မြို့နယ်တခု ဖြစ်ပါတယ်။
crd – VOM
—————————
THN Public Media
