ဇွန် ၂၄ – ၂၀၂၆
အမေရိကန်ကွန်ဂရက်လွှတ်တော်က သမိုင်းမှာ ပထမဆုံးအကြိမ် အဖြစ် စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် အဆိုပြုချက်ကို အတည်ပြုလိုက်ပြီး၊ အီရန် အရေးနဲ့ ပတ်သက်လို့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆောင်ရွက်မှုတွေ အပေါ် လွှတ်တော်က ပထမဆုံးအကြိမ် ဆန့်ကျင်လိုက်ပါတယ်။
ရီပတ်ဘလီကန်ပါတီက ထိန်းချုပ်ထားတဲ့ အမေရိကန် ဆီးနိတ် အထက်လွှတ်တော် ဟာ သမ္မတ ဒေါ်နယ်ထရမ့် လုပ်ဆောင်နေတဲ့ အီရန် စစ်ပွဲကို ရပ်တန့်ဖို့ ဒါမှမဟုတ် စစ်ရေးအရ ဆက်လက် လှုပ်ရှားမှုတွေ လုပ်မယ်ဆိုရင် အရင်ဦးဆုံး ကွန်ဂရက်လွှတ်တော်ရဲ့ ခွင့်ပြုချက် ရယူဖို့ တောင်းဆိုတဲ့ အဆိုပြုချက် တခုကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ ကွန်ဂရက်လွှတ်တော်ရဲ့ လွှတ်တော်နှစ်ရပ် စလုံးမှာ အတည်ပြုပြီးခဲ့ရင်တောင်မှ ထရမ့်ဆီကို အတည်ပြုချက် တောင်းဖို့ ပေးပို့သွားမှာ မဟုတ်သလို၊ ဥပဒေကြောင်းအရလည်း သက်ရောက်မှု မရှိတာကြောင့် ပုံစံသက်သက် ပြသလိုက်တဲ့ သဘောသာ ဖြစ်ပါတယ်။
အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ မဲခွဲမှုမှာတော့ ရီပတ်ဘလီကန် အမတ်အနည်း ငယ်ဟာ ဒီမိုကရက်တွေနဲ့ ပူးပေါင်းပြီး ၅၀ မဲ၊ ၄၈ မဲနဲ့ အတည်ပြုခဲ့ ကြတာပါ။
အလားတူ အဆိုပြုချက်မျိုးကိုပဲ အမေရိကန် အောက်လွှတ်တော် (House of Representatives) ကလည်း ဒီလအစောပိုင်းမှာ အတည်ပြုခဲ့ပါ သေးတယ်။
ပြည်သူတွေအကြား လူကြိုက်မများတဲ့ ၅ လထဲကို ချဉ်းကပ်လာနေတဲ့ ဒီစစ်ပွဲနဲ့ ပတ်သက်လို့ ထရမ့်က အီရန်နဲ့ သဘောတူထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ် အပေါ် ကွန်ဂရက်လွှတ်တော်ထဲက ရီပတ်ဘလီကန် အမတ်တွေ က သံသယဝင်နေကြတဲ့ အချိန်မှာပဲ ဒီမဲခွဲမှု ပေါ်ပေါက် လာခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ကတော့ အင်္ဂါနေ့ညက ဒီဆုံးဖြတ်ချက် အပေါ် ဝေဖန်လိုက်ပြီး “အချိန်အခါမဟုတ်တဲ့ အဓိပ္ပာယ်မရှိတဲ့အရာ” လို့ ခေါ်ဆိုလိုက်ပါတယ်။
“ကျွန်တော်က အီရန်ကို အလဲထိုးဖို့ လက်တစကမ်းအလို အကြပ်အတည်း ထဲ ရောက်အောင် လုပ်ထားပြီးပြီ… အဲဒါကို အမေရိကန် အထက် လွှတ်တော် က အချိန်အခါ မဟုတ်ဘဲ အဓိပ္ပာယ်မရှိတဲ့ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် အက်ဥပဒေ War Powers Act ကို မဲခွဲဖို့ ဆုံးဖြတ်ကြတယ်” လို့ ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။
“ဒီအမတ်တွေဟာ ကျွန်တော့်ရဲ့ အလုပ်ကို ပိုပြီး ခက်ခဲအောင် လုပ်လိုက် တာပဲ၊ ဒါပေမဲ့ ကျွန်တော် နည်းလမ်းတခုမဟုတ် တခုနဲ့ ပြီးအောင် လုပ်မှာပါ၊ ဘာလို့လဲဆိုတော့ ကျွန်တော်က အမြဲတမ်း ပြီးအောင် လုပ်နိုင်လို့ပဲ” လို့လည်း ဆိုပါတယ်။
ဒီမဲခွဲမှုဟာ ၁၉၇၃ ခုနှစ် စစ်ပွဲဆိုင်ရာလုပ်ပိုင်ခွင့် ဆုံးဖြတ်ချက် War Powers Resolution ပြဋ္ဌာန်းပြီးကတည်းက စစ်ရေး လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ သမ္မတတဦးကို ညွှန်ကြားတဲ့ ပူးတွဲအဆိုပြုချက် Concurrent resolution ကို ကွန်ဂရက်လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုခဲ့တဲ့ သမိုင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။
ပူးတွဲအဆိုပြုချက်ဆိုတာဟာ သမ္မတဆီ ပေးပို့ပြီး လက်မှတ်ထိုး အတည်ပြုရတဲ့ တခြားဥပဒေကြမ်းတွေနဲ့ မတူဘဲ ကွန်ဂရက်လွှတ်တော်ရဲ့ သဘောထား ဒါမှမဟုတ် ဆန္ဒကို ဖော်ပြတာသာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကတော့ ယီမင်ပြည်တွင်းစစ်မှာ ပါဝင်နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ရုပ်သိမ်းဖို့ တောင်းဆိုတဲ့ ပူးတွဲ ဆုံးဖြတ်ချက် ကို ထရမ့်က ဗီတိုအာဏာနဲ့ ပယ်ချခဲ့ဖူးပါတယ်။
အရှေ့အလယ်ပိုင်းဆိုင်ရာ လေ့လာဆန်းစစ်သူ Laura Blumenfeld ကတော့ “ဒါက ဥပဒေကြောင်းအရ ပတ်သက်မှုမရှိတဲ့ အတွက် လက်ထိပ် ခတ်လိုက် တာ ထက်စာရင် ပါးကို ခပ်ဖွဖွလေး ပုတ်ပြီး သတိပေးလိုက်တဲ့ သဘောပါပဲ” လို့ သုံးသပ်ပါတယ်။
ဒါပေမဲ့ သူမက “ဒါဟာ အမေရိကန်ပြည်သူတွေရဲ့ သဘောထားအမှန်ကို ထင်ဟပ်နေတာ ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။
ဒီပူးတွဲအဆိုပြုချက် အောင်မြင်သွားတာဟာ သိသာထင်ရှားတဲ့ ကိစ္စရပ်တခုဖြစ်ပြီး၊ ဓာတ်ဆီဈေးနှုန်းတွေ မြင့်တက်လာပြီးနောက် ပြည်သူတွေ သဘောမကျဖြစ်နေတဲ့ အီရန်စစ်ပွဲကို အဆုံးသတ်ဖို့ အိမ်ဖြူတော် အပေါ် ဖိအားတွေ ပိုများလာစေပါတယ်။
အိမ်ဖြူတော် တာဝန်ရှိသူ တဦးကတော့ ဧပြီလ ၇ ရက်နေ့ ကတည်းက အပစ်အခတ် ရပ်စဲရေး သဘောတူထားတာကြောင့် အမေရိကန် တပ်ဖွဲ့ တွေကို ရုပ်သိမ်းရမယ့် စစ်မက်ဖြစ်ပွားမှုမျိုး မရှိတော့ဘူးလို့ ပြောပါ တယ်။
လက်ရှိမှာတော့ အမေရိကန်နဲ့ အီရန်တို့ဟာ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းဖို့ သဘောတူထားကြပြီး၊ ပြီးခဲ့တဲ့အပတ်က နှစ်နိုင်ငံ သမ္မတတွေ လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ အရ စစ်မက် ဖြစ်ပွားမှုတွေကို အဆုံးသတ်ဖို့ ကြိုးပမ်းနေကြပါတယ်။
အဲဒီနားလည်မှုစာချွန်လွှာ အရ ဝါရှင်တန်နဲ့ တီဟီရန်တို့ဟာ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို အဆုံးသတ်ဖို့ ပိုမိုကျယ်ပြန့်တဲ့ သဘောတူညီချက် တခု ရရှိရေးအတွက် ဆွေးနွေးညှိနှိုင်းဖို့ ရက်ပေါင်း ၆၀ အချိန်ရမှာ ဖြစ်ပါတယ်။
—————————
THN Public Media
