နိုင်ငံတကာ

ခိုလှုံခွင့် တောင်းခံမှု ဆိုင်ရာ ဆုံးဖြတ်ချက်အားလုံးကို အမေရိကန် ရပ်ဆိုင်း

နိုဝင်ဘာ ၂၉ – ၂၀၂၅

ဝါရှင်တန်ဒီစီ အိမ်ဖြူတော်နဲ့ မလှမ်းမကမ်းမှာ အမေရိကန် အမျိုးသား အစောင့် တပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ် ခံရပြီး နောက် သမ္မတ ထရမ့် အစိုးရ က ခိုလှုံခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်အား လုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) ဒါရိုက်တာ Joseph Edlow က ပြောကြားပါတယ်။

သောကြာနေ့က X မှာ တင်ထားတဲ့ ပို့စ်မှာ Joseph Edlow က “နိုင်ငံခြားသားတိုင်းကို တတ်နိုင်သမျှ အမြင့်ဆုံး အတိုင်းအတာအထိ စစ်ဆေး စိစစ်မှုတွေ အသေအချာ ဆောင်ရွက်မှု မပြီးမချင်း’’ ဒီ ရပ်ဆိုင်းထားတာ ဆက်လက် တည်ရှိနေမယ်လို့ ဖေါ်ပြထားပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့်က “တတိယကမ္ဘာ နိုင်ငံအားလုံးက အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်မှုတွေကို အပြီးအပိုင် ရပ်ဆိုင်းမယ်” လို့ ကတိပြုပြီး နာရီပိုင်းအကြာမှာ အခု ကြေညာချက်ထွက်ပေါ်လာတာပါ။

ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု မှာ အာဖဂန်နစ္စတန် နိုင်ငံသား တဦးက ပြစ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံထား ရပြီး အမေရိကန် အမျိုးသား အစောင့် တပ်ဖွဲ့ဝင် တဦး ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။

ပြည်တွင်းလုံခြုံရေးဌာန Homeland Security လက်အောက်ခံ USCIS က အရာရှိတွေ အနေနဲ့ လက်ခံရရှိထားတဲ့ ဘယ်နိုင်ငံသားဖြစ်ဖြစ် သူတို့ရဲ့ ခိုလှုံခွင့် လျှောက်လွှာတွေကို အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း ဒါမှမဟုတ် ပိတ်သိမ်းခြင်း တို့ကို မလုပ်ဖို့ ညွှန်ကြားထားကြောင်း CBS News မှာ ဖေါ်ပြထားပါတယ်။

အရာရှိတွေ အနေနဲ့ ခိုလှုံခွင့် လျှောက်လွှာတွေကို စိစစ် ကိုင်တွယ် တာတွေ ဆောင်ရွက် နိုင်ပြီး “ဆုံးဖြတ်ချက်ချမှတ်တဲ့ အဆင့်ကို ရောက်ပြီဆိုရင် ရပ်တန့်ပြီး ကိုင်ထားပါ” လို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ လုပ်ရပ်ဟာ ဥပဒေရေးရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပြီး ကုလသမဂ္ဂ အေဂျင်စီတွေ ကနေ ကန့်ကွက်မှုတွေ လုပ်ထားပြီး ဖြစ်ပါတယ်။

ဒီကြေညာချက် နှစ်ခုစလုံးဟာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ လူသေဆုံးခဲ့တဲ့ တိုက်ခိုက်မှုနောက်ပိုင်း ထွက်ပေါ်လာတာ ဖြစ်ပြီး ဒါဟာ ဒုတိယသမ္မတ သက်တမ်း အတွင်း ထရမ့်အစိုးရရဲ့ ရွှေ့ပြောင်း နေထိုင်သူတွေ အပေါ် ခိုင်မာပြင်းထန်တဲ့ သဘောထားကို ထပ်မံပြသနေတာ ဖြစ်ပါတယ်။

ထရမ့်ဟာ အမေရိကန်ကို တရားမဝင် ဝင်ရောက်လာသူတွေကို အစုလိုက် အပြုံလိုက် ပြည်နှင်ဒဏ်ပေးဖို့၊ နှစ်စဉ် ဒုက္ခသည် လက်ခံမှုကို သိသိ သာသာ လျှော့ချဖို့နဲ့ လက်ရှိမှာ အမေရိကန် ပိုင်နက်ထဲ မွေးဖွားသူ တိုင်း နီးပါး အတွက် အလိုအလျောက် နိုင်ငံသား ဖြစ်ခွင့်တွေကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *