မေလ ၃၁ – ၂၀၂၆
ဟန်ဂေရီနိုင်ငံမှာ ကျင်းပတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီး ပြင်သစ်နိုင်ငံမှာ မနေ့ညက ဆူပူအုံကြွမှုတွေကြောင့် လူပေါင်းရာနဲ့ချီ ဖမ်းဆီးခံရပြီး ရဲတပ်ဖွဲ့ဝင် ဒါဇင် နဲ့ချီ ဒဏ်ရာရှိသွားခဲ့ပါတယ်။
ပြင်သစ် ပြည်ထဲရေးဝန်ကြီးကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီဆူပူမှုတွေအပေါ် “ပြတ်ပြတ်သားသား” တုံ့ပြန် အရေးယူသွားမယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ဟာ လူထု လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်း ရမယ့် နေရာမှာ စံပြနိုင်ငံဖြစ်ပြီး၊ လွတ်လပ်စွာ စုဝေးခွင့်ကို ခွင့်ပြု ထားပေမဲ့ စည်းကမ်းမဲ့ သောင်းကျန်းတာ ကိုတော့ ခွင့်မပြုနိုင်ပါဘူး” လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်း ကလည်း ပီအက်စ်ဂျီ (PSG) အသင်း ဒီဖလားကိုပဲ ဆွတ်ခူး နိုင်ခဲ့စဉ်က အောင်ပွဲခံရာ ကနေ လူသေဆုံးတဲ့ အထိ အလားတူ အကြမ်းဖက် ဆူပူမှုမျိုး ဖြစ်ပွားခဲ့ဖူးပါတယ်။
ဒီတကြိမ်မှာတော့ ပါရီမြို့တော် အတွင်း ဘတ်စကား၊ ရထားနဲ့ မြေအောက် ရထား လိုင်းတွေကိုပါ ပြတ်တောက် သွားစေခဲ့တဲ့ ဆူပူမှုတွေကို ဟန့်တားဖို့ အတွက် ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ချထားခဲ့ရတာပါ။
ဒေသခံ ပီအက်စ်ဂျီ အသင်း ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရ ပြီးပြီးချင်းမှာပဲ ကျယ်ဝန်းလှတဲ့ Champs-Élysées လမ်းမကြီးပေါ်ကို ဘောလုံး ပရိသတ်တွေ အုန်းအုန်းကျက်ကျက် ရောက်ရှိလာခဲ့ကြပါတယ်။
သတင်းဗီဒီယို ဖိုင်တွေထဲ မှာတော့ မီးရှူးမီးပန်းတွေ ပစ်ဖောက်နေကြတာ၊ လမ်းမတွေ ပေါ်မှာ လျှပ်စစ်စက်ဘီးတွေ မီးလောင် နေတာနဲ့ ဆူပူသူတွေက ဆိုင်ခန်း တခန်းရဲ့ မှန်ပြတင်းပေါက်တွေကို ရိုက်ခွဲ ဖျက်ဆီးနေတာတွေကို တွေ့ရပြီး၊ ရဲတပ်ဖွဲ့ ကတော့ မြို့လယ် ခေါင်က လူအုပ်ကို လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ရ ပါတယ်။
ပါရီရဲတပ်ဖွဲ့ဟာ လူပေါင်း ၄၈၀ ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက အရွယ် မရောက်သေးသူ ၈၂ ဦး အပါအဝင် ၂၇၇ ဦးကိုတော့ ချုပ်နှောင် ထားလိုက် ပြီ ဖြစ်ပါတယ်။
ဒီကိန်းဂဏန်းတွေဟာ ယာယီစာရင်းပဲ ရှိသေးတယ်လို့ ပါရီအစိုးရ ရှေ့နေရုံးက ပြောကြားခဲ့ပြီး၊ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေထဲမှာ ရဲတပ်ဖွဲ့ဝင် တွေကို တိုက်ခိုက်မှု၊ အဆောက်အအုံနဲ့ ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးမှု၊ ခိုးမှု အပြင် တရားမဝင် လက်နက် ကိုင်ဆောင်မှုတွေ အထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ပါရီမြို့ပတ်လမ်းက Porte Maillot)အနီးမှာ အသက် ၂၄ နှစ်အရွယ် လူငယ်တဦး သေဆုံးခဲ့ရတဲ့ အခြေအနေ ကတော့ အခုထိ ရှင်းရှင်း လင်းလင်း မသိရသေးဘဲ၊ မျက်မြင် သက်သေအချို့ရဲ့ အဆိုအရ သူဟာ မော်တော်ဆိုင် ကယ်စီးလာရင်း ကွန်ကရစ်တုံးတွေကို ဝင်တိုက်မိတာလို့ ပြောကြပါတယ်။
ဒါ့အပြင် ပါရီမြို့ရဲ့ တခြား ဧရိယာတခုမှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲ တခုကြောင့်လည်း ဆယ်ကျော်သက် လူငယ်တဦး စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံတင်ထားရပြီး၊ သူဟာ ဘောလုံးပွဲကြောင့်ဖြစ်တဲ့ ဆူပူမှုတွေမှာ ပါဝင် ပတ်သက်ခြင်း ရှိမရှိကိုတော့ အသေအချာ မသိရသေးပါဘူး။
“လူအများစုကတော့ အောင်ပွဲခံဖို့ ထွက်လာကြတာဖြစ်ပြီး အေးအေး ဆေးဆေးပါပဲ” လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
“ဒါပေမဲ့ ပီအက်စ်ဂျီ ပရိသတ်လည်း မဟုတ်၊ ဘောလုံးပွဲကိုတောင် မကြည့်တဲ့ တခြားလူတစုကတော့ ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြဿနာ တွေရှာဖို့ ရည်ရွယ်ချက်ရှိရှိ ရောက်လာကြတာ ဖြစ်လို့၊ ကျွန်တော်တို့က သူတို့ကို ဟန့်တားဖို့ ဒီမှာ ရှိနေတာဖြစ်ပြီး ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုက အရမ်းကို ပြတ်သားပါတယ်” လို့ သူက ဆိုပါတယ်။
လက်ယာစွန်းပါတီ Marine Le Pen ကတော့ “ဘောလုံးကလပ် တခု အနိုင်ရတာနဲ့ ဆူပူအုံကြွမှုတွေ ဖြစ်သွားတာဟာ ပြင်သစ်နိုင်ငံမှာပဲ ရှိတယ်” လို့ သူ့ရဲ့ X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။
“ဒီလို အောင်ပွဲရတဲ့ ညမျိုးမှာ အကြမ်းဖက်မှုတွေနဲ့ မတိုးမိအောင် လူတိုင်းက ကိုယ့်အိမ်ထဲကိုယ် တံခါးပိတ်ပြီး အောင့်အည်း နေရတာလည်း ပြင်သစ်နိုင်ငံ တခုတည်းမှာပဲ ရှိပါတယ်” လို့ သူမက ဆိုပါတယ်။
ကစားသမားတွေ ကတော့ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ကျင်းပမယ့် အောင်ပွဲခံလှည့်လည်ပွဲမှာ ပါဝင်ဆင်နွှဲကြမှာ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာ အက်ဖယ်တာဝါ အနီးက Champ-de-Mars ကွင်းပြင်ဆီ လှည့်လည်တာနဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် ရဲ့ ဂုဏ်ပြု ဧည့်ခံပွဲ အခမ်းအနား တို့ ပါဝင်မှာ ဖြစ်ပါ။
ref: bbc
—————————
THN Public Media
