Sport

ချန်ပီယံလိဂ်မှာ အာဆင်နယ် ဗိုလ်စွဲနိုင်မယ့် ဗျူဟာ (သို့) False nine

မေလ ၃၀ – ၂၀၂၆

မကြာခင် ဟန်ဂေရီမှာ ယှဥ်ပြိုင်ကစားတော့မယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ် အနေနဲ့ ပြင်သစ်လိဂ်ဝမ်း ချန်ပီယံ PSG ကို ကျော်လွှားနိုင်ဖို့ စိန်ခေါ်မှုကြီး ဖြစ်နေသလို Mikel Arteta မှာ ဘယ်လို နည်းဗျူဟာ အပြောင်း အလဲ ရှိနိုင်မလဲ ဆိုတာ စိတ်ဝင်စား စရာကောင်းပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရာသီ ဥရောပစင်မြင့်မှာ ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူတဲ့ ကစားကွက်ကို သုံးခဲ့ပြီး တဘက်က ဂိုးသွင်းခွင့် တွေကို အနည်းဆုံး ဖြစ်အောင် လျှော့ချနိုင်ခဲ့လို့ လက်ရှိ အချိန်အထိ Clean Sheets ပေးဂိုးမရှိပွဲ ပေါင်း ၉ ပွဲ အထိ ရရှိထားကာ ပြိုင်ပွဲမှာ အကောင်းဆုံး မှတ်တမ်း တင်ထားနိုင်ပါတယ်။

တဘက်က Luis Enrique ရဲ့ ပီအက်စ်ဂျီ ကတော့ ပေးဂိုး မရှိပွဲ ၅ ပွဲပဲ ရှိထားပေမဲ့ ပြိုင်ပွဲတခုလုံးမှာ သွင်းဂိုး ၄၄ ဂိုးနဲ့ ဂိုးအများဆုံးအသင်း ဖြစ်နေပြီး အာဆင်နယ် ကတော့ ၂၉ ဂိုးပဲ သွင်းထားနိုင်ပါသေးတယ်။

ဒီကိန်းဂဏန်းတွေ အရ ဒီပွဲဟာ အကောင်းဆုံး တိုက်စစ်နဲ့ အကောင်းဆုံး ခံစစ် ထိပ်တိုက် တွေ့တဲ့ပွဲလို့ ပြောနိုင်ပေမဲ့ Arteta ကတော့ ပြီးခဲ့တဲ့ရာသီ ဆီမီးဖိုင်နယ် တုန်းက ရှုံးပြီး ထွက်ခဲ့ရပေမဲ့ ပွဲအများစုမှာ လုပ်နိုင်ခဲ့သလိုပဲ သူ့အသင်းကို ပီအက်စ်ဂျီရဲ့ ကွင်းဘက်ခြမ်းထဲမှာပဲ အသာစီးနဲ့ ဖိကစား စေချင်မှာ သေချာပါတယ်။

(တိုက်စစ်မှူး) နံပါတ် ၉ ပုံစံ ကွင်းလယ်လူ ဗျူဟာ – #False nine

————————-

ပြီးခဲ့တဲ့ရာသီက ဒီနှစ်သင်းရဲ့ ဒုတိယ အကျော့ပွဲစဉ်မှာ အာဆင်နယ်ဘက်က ကွင်းလယ်လူ Mikel Merino ကို တိုက်စစ်မှူး နေရာမှာ ထားပြီး ကစားခဲ့တဲ့ နည်းဗျူဟာဟာ ကပ်ပြီးရှုံးခဲ့ပေမဲ့ တကယ့်ကို အထင်ကြီးစရာ ကောင်းလောက် အောင် ထိရောက်ခဲ့တာပါ။

ပီအက်စ်ဂျီ အသင်းဟာ တယောက်ချင်း ကပ်လိုက်ပြီး ပြင်းပြင်းထန်ထန် ဖိအားပေး ကစားတတ်တဲ့ အသင်းဖြစ်လို့ အာဆင်နယ်ဘက်က နောက်တန်း ကနေ ဘောလုံးတင်ဖို့ ကြိုးစားတဲ့ အခါ ရှေ့ကို တက်ပြီး ပိတ်ဆို့ တတ်ပါတယ်။

ကစားကွက် တည်ဆောက်ပုံရဲ့ အဓိက သဘောတရား ကတော့ လွတ်နေတဲ့ ကစားသမားကို ရှာဖွေဖို့ဖြစ်ပြီး၊ ပြိုင်ဘက်က တယောက်ချင်း လူကပ် ကစားလာတဲ့ အခါ အဲဒီလို လွတ်နေတဲ့လူကို ရှာဖို့ ပိုခက် သွားတတ် ပါတယ်။

ဒါပေမဲ့ အဲဒီပွဲတုန်းက Merino က တိုက်စစ်ကနေ ကွင်းလယ် အလယ် အထိ ဆင်းပြီး ကစားပေးခဲ့တဲ့ အတွက် ပီအက်စ်ဂျီရဲ့ နောက်ခံလူ Willian Pacho က သူ့နောက်ကို လိုက်ဖို့ ဝေခွဲမရ ဖြစ်သွားပြီး ဒါက ပြင်သစ် ကလပ်ကို နောက်တန်းမှာ လူပို တယောက် ချန်ထားမိရက်သား ဖြစ်သွား စေပါတယ်။

ဒီလိုနဲ့ အာဆင်နယ်ဘက်က အထိုင် တိုက်စစ်မှူး အစစ် မသုံးဘဲ ကစားလိုက်တဲ့ အတွက် ကွင်းလယ်မှာ လူပိုတယောက် ရသွားခဲ့တာပါ။

ပီအက်စ်ဂျီရဲ့ ကွင်းလယ် ၃ ယောက်က အာဆင်နယ်ရဲ့ ကွင်းလယ်လူ ၃ ယောက်ကို လူကပ်ဖို့ ကြိုးစားရင်း Merino ကိုပါ လိုက်ကပ်ဖို့ ပြင်တဲ့အခါ အာဆင်နယ်ရဲ့ တခြားကွင်းလယ်လူ တယောက် လွတ်သွားတတ်ပြီး ဒါက ဂန်းနားတို့ ရှေ့တန်းကို ဘောလုံးဆွဲတင်ဖို့ အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

လက်ရှိမှာ ဆွီဒင်တိုက်စစ်မှူး Viktor Gyokeres က ရာသီပိတ်ပွဲတွေမှာ ခြေစွမ်းပြ နေတယ် ဆိုပေမဲ့ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ Merino ရော၊ Kai Havertz ပါ ဒီလို False Nine ဆိုတဲ့ (နံပါတ် ၉ တိုက်စစ်မှူး) ပုံစံ နည်းဗျူဟာမျိုးနဲ့ ကစားဖို့ အကိုက်ညီဆုံး ကစားသမား တွေ ဖြစ်ကြ ပါတယ်။

ပြိုင်ဘက်အသင်းက တယောက်ချင်း အနီးကပ် လိုက်လံ ဖိအားပေး ကစားတဲ့ (Man-to-man Pressing) စနစ်ကို သုံးလာရင် သူတို့ရဲ့ တိုက်စစ်နဲ့ ကွင်းလယ်တန်းကို ကျော်ပြီး အဝေးကန်ဘော (Long Ball) တွေ ပေးပို့ ကစားတာ ကလည်း အလွန်အဖိုးတန်တဲ့ နည်းဗျူဟာတခု ဖြစ်ပါတယ်။

အာဆင်နယ် ဂိုးသမား David Raya ဆီကနေ ကန်တင်ပေးလိုက်တဲ့ အဝေးဘော အဝေးပေးတွေကို Merino နဲ့ Havertz တို့က အကောင်းဆုံး ထိန်းပြီး ချပေးတာ ဒါမှမဟုတ် ခေါင်းတိုက် ချပေးပြီးနောက် အာဆင်နယ် ကွင်းလယ်လူတွေက ဒုတိယမြောက် ကျလာတဲ့ ဘောလုံး ကို ဝိုင်းဝန်း လုယူမယ့် ပုံစံဟာလည်း ဒီပွဲမှာ စောင့်ကြည့်ရမယ့် နည်းဗျူဟာ တခု ဖြစ်လာပြန်ပါတယ်။

တဘက်က တိုက်စစ်မှူး Gyokeres ကတော့ ကွင်းရဲ့ ဘေးတောင်ပံ နေရာ တွေ အထိ ထွက်ပြီး ပြိုင်ဘက် နောက်ခံလူတွေကို ရင်ဆိုင် ကျော်ဖြတ်ကာ လွတ်နေတဲ့ လမ်းကြောင်းတွေထဲ ပြေးဝင်ဖို့ အတွက် ဒီလို အဝေးကန် ဘောတွေကို အသုံးချသွားနိုင်ပါတယ်။

ref: bbc sports

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *