ဇွန် ၂၃ – ၂၀၂၆
ကမ္ဘာ့ဖလား အုပ်စု L မှာ အင်္ဂလန် အသင်းဟာ ဂါနာအသင်းရဲ့ ပိတ်ကစား တဲ့ အကွက်ထဲ ရုန်းမထွက်နိုင်ဘဲ စိတ်ပျက်စရာ ကောင်းတဲ့ ဂိုးမရှိ သရေ ရလဒ်နဲ့ သာ ပွဲပြီးဆုံးခဲ့ရပါတယ်။
ခြင်္သေ့ ၃ ကောင် မဟိန်းနိုင်ခဲ့တဲ့ ဒီပွဲမှာ တကယ့်ကို စိတ်ပျက်ဖို့ ကောင်းခဲ့ တာက အင်္ဂလန် အသင်းဟာ ရဲရဲဝံ့ဝံ့ မကစားရဲခဲ့တာ ဖြစ်ပါတယ်။
ခံစစ်နိမ့် နဲ့ ပိတ်ကစားမယ့် အသင်းတသင်းနဲ့ ရင်ဆိုင်ရမယ် ဆိုတာ ကြိုသိ ထားပေမယ့်၊ ကွင်းထဲမှာတော့ စိတ်ချရတဲ့ ဘောလုံး ပေးပို့မှုတွေ အရမ်း များလွန်း နေခဲ့ပါတယ်။
အခုလို ခံစစ်ပိတ် ကစားတဲ့ အသင်းနဲ့ တိုးတဲ့ အခါ ဒီထက်ပိုပြီး ရဲရဲဝံ့ဝံ့ ကစားဖို့ လိုအပ်ပါတယ်။
အင်္ဂလန်အသင်းဟာ ဂါနာတို့ရဲ့ ခံစစ်ပိတ် ကစားတဲ့ ပုံစံအပေါ် ထိုးဖောက်ဖို့ တကယ့်ကို အကြီးအကျယ် ရုန်းကန်ခဲ့ရပါတယ်။
ဂါနာအသင်းကတော့ ကွင်းထဲကို ရည်မှန်းချက် တခုတည်းနဲ့ပဲ လာခဲ့တာ ဖြစ်ပြီး၊ အဲဒါကတော့ ဂိုးမပေးရအောင် ပိတ်ကစားပြီး ၁ မှတ် ရအောင် ယူဖို့ပါပဲ။
အင်္ဂလန်ဟာ ဂါနာ ရဲ့ ခံစစ်ပိတ် ကစားတဲ့ အကွက်ကို တကယ်ပဲ အခက်တွေ့ ခဲ့ တာပါ။
ဘောလုံးပေးပို့မှု၊ ဂိုးသွင်းခွင့် ဖန်တီးမှုနဲ့ ဂိုးပေါက် ကန်ချက်တွေ အပါအဝင် ကဏ္ဍတိုင်းမှာ သူတို့ပဲ အပြတ်အသတ် အသာစီးရခဲ့ပါတယ်။
ဘောလုံးထိန်းချုပ် ကစားပုံမှာ သိပ်ပြီး အမှားအယွင်းမရှိခဲ့ပေမယ့်၊ ဂိုးစည်း အနီး နောက်ဆုံးအပိုင်း မှာတော့ လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ်။
တကယ်တော့ ခရိုအေးရှားက ပိုကောင်းတဲ့အသင်းပါ၊ သူတို့က ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား နှစ်ကြိမ်စလုံးမှာ ဆုတံဆိပ်တွေ အိမ်ပြန် သယ်သွားနိုင်ခဲ့ သလို၊ အင်္ဂလန်ကို နိုင်အောင် တိုက်မယ်ဆိုတဲ့ စိတ်နဲ့ ကစားကွက် ဖွင့်ကစား ခဲ့တာ ဖြစ်ပါတယ်။
အခုတော့ အင်္ဂလန် အသင်းဟာ ဂိမ်းကို အပိတ် ကစားသွားတဲ့ ကိုယ့်ထက် အားနည်းတဲ့ အသင်းတသင်းကို အတော်လေး အခက်တွေ့ခဲ့ ရပြီး၊ ဒီနေ့ပွဲမှာ ဘာအဖြေမှ ရမသွားခဲ့ပါဘူး။
“ဒါဟာ အဆုံးအဖြတ်ပေးတဲ့ အကျပ်အတည်းကြီး မဟုတ်ပေမယ့် လက်ရှိ အခြေအနေအမှန်ကို သိလိုက်ရတဲ့ သတိပေးချက် တခုပါပဲ” လို့ အလန် ရှီးယား က သုံးသပ်သွားပါတယ်။
ပွဲတွင်းအချက်အလက်တွေအရ ခြင်္သေ့သုံးကောင် အင်္ဂလန်အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှု ၇၉ ရာခိုင်နှုန်းအထိနဲ့ အပြတ်အသတ် အသာစီးရခဲ့ ပါတယ်။
အင်္ဂလန် အနေနဲ့ ၃၂ သင်း အဆင့်ကို တက်လှမ်းနိုင်ဖို့ အတွက် နောက်ဆုံးပွဲ ဖြစ်တဲ့ ပါနားမားနဲ့ပွဲ အထိ စောင့်ဆိုင်းသွားရတော့မှာ ဖြစ်ပါတယ်။
—————————
THN Public Media
