ဂါဇာငြိမ်းချမ်းရေး အစီအစဉ် ပထမအဆင့်ကို အစ္စရေးနဲ့ ဟားမတ်စ် နှစ်ဘက်စလုံး လက်မှတ်ထိုးလိုက်ပြီ ဖြစ်ကြောင်း ထရမ့် ပြောကြား
အပစ်ရပ်သဘောတူညီပြီ ဖြစ်တဲ့ အကြောင်း သမ္မတထရမ့်က သူ့ရဲ့ ဆိုရှယ်မိဒီယာမှာ အောက်ပါ အတိုင်းရေးသားဖေါ်ပြထားပါတယ်။
——————–
“အစ္စရေးနဲ့ ဟားမတ်စ် နှစ်ဖက်စလုံးဟာ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ရဲ့ ပထမအဆင့်ကို လက်မှတ်ရေးထိုး လိုက်ကြပြီ ဖြစ်တဲ့အတွက် ကျွန်တော် အလွန်ဂုဏ်ယူစွာ ကြေညာအပ်ပါတယ်။
ဒီလိုဆိုရင် မကြာခင်မှာ ဓားစာခံ အားလုံး လွတ်မြောက်လာတော့မှာ ဖြစ်ပြီး၊ ခိုင်မာပြီး၊ ကြာရှည် ခံမယ့်၊ ထာဝရ ငြိမ်းချမ်းရေးဆီကို ပထမခြေလှမ်း အနေနဲ့ အစ္စရေးက ၎င်းတို့ရဲ့ တပ်ဖွဲ့တွေကို သဘောတူထားတဲ့ နယ်နိမိတ်ဆီ ဆုတ်ခွာသွားမှာ ဖြစ်ပါတယ်။
ပါဝင်ပတ်သက်သူ အားလုံးကို တရားမျှတစွာ ဆက်ဆံသွားမှာပါ။
ဒါဟာ အာရပ်နဲ့ မွတ်ဆလင်ကမ္ဘာ၊ အစ္စရေး၊ ပတ်ဝန်းကျင် နိုင်ငံအားလုံး၊ ပြီးတော့ အမေရိကန် ပြည်ထောင်စု အတွက် ကြီးမြတ်တဲ့နေ့ တနေ့ ဖြစ်ပြီး၊ ဒီသမိုင်းဝင်တဲ့၊ မကြုံဖူးသေးတဲ့ ဖြစ်ရပ်ကြီး ဖြစ်မြောက်လာဖို့ ကျွန်တော်တို့နဲ့ အတူ လက်တွဲ လုပ်ဆောင်ပေးခဲ့တဲ့ ကာတာ၊ အီဂျစ်နဲ့ တူရကီ နိုင်ငံတို့က ကြားဝင်စေ့စပ်သူတွေ ကိုလည်း ကျေးဇူးတင်ရှိပါတယ်!’’
ငြိမ်းချမ်းရေး ဖန်တီးသူတို့သည် ကောင်းချီးမင်္ဂလာရှိကြပါစေ!
ဒေါ်နယ် ဂျေ. ထရမ့် အမေရိကန်သမ္မတ”
—————
နောက်ဆက်တွဲသတင်း
–
အိမ်ဖြူတော်ရဲ့ ပြောကြားချက်အရ ထရမ့်လာမယ့် ရက်ပိုင်းအတွင်း “အရှေ့အလယ်ပိုင်းကို သွားရောက်ဖို့ စဥ်းစားနေတယ်လို့’’ သိရပါတယ်။
အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့က ကြားဝင်စေ့စပ်သူတွေဟာ အီဂျစ်နိုင်ငံ ရှမ်အယ်လ်ရှိတ်ခ် မြို့မှာ တွေ့ဆုံပြီး ဂါဇာ အပစ်အခတ်ရပ်စဲရေးနဲ့ အစ္စရေးဓားစာခံတွေ လွတ်မြောက်ရေး ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ တိုက်ခိုက်မှု အပြီး နှစ်နှစ်နှင့် နှစ်ရက်မြောက်နေ့မှာ အခုလို သဘောတူညီမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၇ တိုက်ခိုက်မှုကြောင့် ဟားမတ်စ်ဦးဆောင်တဲ့ သေနတ်သမားတွေက လူ ၁၂၀၀ ခန့်ကို သတ်ဖြတ်ကာ ၂၅၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်ကစလို့ အစ္စရေးတို့ရဲ့ တုန့်ပြန် စစ်ဆင်ရေးတွေကြောင့် ဂါဇာမှာ လူပေါင်း အနည်းဆုံး ၆၇၁၈၃ ဦး သေဆုံးခဲ့ရပြီး၊ အဲဒီအထဲမှာ ကလေးငယ် ၂၀၁၇၉ ဦး ပါဝင်ကြောင်း ဟားမတ်စ် ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားထားပါတယ်။