မေလ ၃ – ၂၀၂၆
အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀၀ ကို ရုပ်သိမ်းမယ့် ဆုံးဖြတ်ချက်ဟာ ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်တယ်လို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီးက ပြောကြား လိုက်ပြီး နေတိုး Nato စစ်မဟာမိတ်အဖွဲ့ ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဝါရှင်တန်ဆီ ကနေ ရှင်းလင်းချက် တောင်းခံနေပါတယ်။
ဂျာမနီကာကွယ်ရေးဝန်ကြီး Boris Pistorius က DPA သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဥရောပနဲ့ အထူးသဖြင့် ဂျာမနီနိုင်ငံမှာ အမေရိကန် စစ်သားတွေ ရှိနေခြင်းဟာ ဂျာမနီ အတွက်ရော အမေရိကန် အတွက်ပါ အကျိုး ရှိစေတယ်လို့ အလေးပေးပြောဆိုခဲ့ပါတယ်။
တဘက်မှာလည်း နေတိုးပြောရေးဆိုခွင့်ရှိသူ Allison Hart က အမေရိကန် ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို နားလည်နိုင်ဖို့ အတွက် အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
သမ္မတထရမ့် က ဂျာမနီရဲ့ စစ်ရေးအသုံးစရိတ်ဟာ နေတိုးက သတ်မှတ် ထားတဲ့ ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်း အောက်မှာပဲ ရှိနေတာကြောင့် ဂျာမနီကို တာဝန် မကျေတဲ့နိုင်ငံလို့ အရင်က စွပ်စွဲခဲ့ဖူးပါတယ်။
လက်ရှိမှာ ဂျာမနီနိုင်ငံမှာ အမေရိကန် တပ်ဖွဲ့ဝင် ၃၆၀၀၀ ကျော် တပ်ဖြန့်ထားပြီး ဒါဟာ အီတလီမှာရှိတဲ့ ၁၂၀၀၀ နဲ့ ယူကေမှာ ရှိတဲ့ ၁၀၀၀၀ တို့နဲ့ နှိုင်းယှဉ်ရင် ဥရောပမှာ အများဆုံး တပ်စွဲထားတာ ဖြစ်ပါ တယ်။
သမ္မတထရမ့်ဟာ အီတလီနဲ့ စပိန် နိုင်ငံတွေ ကနေလည်း အမေရိကန် တပ်တွေကို ရုပ်သိမ်းဖို့ အရိပ်အမြွက် ပြောဆိုထားပါသေးတယ်။
ဝါရှင်တန်ဟာ အမေရိကန်ရဲ့ စစ်ရေး အာရုံစိုက်မှုကို ဥရောပ ကနေ အင်ဒို-ပစိဖိတ် ဒေသဆီ ပြောင်းဖို့ ရိုမေးနီးယားမှာ ရှိတဲ့ တပ်ဖွဲ့ဝင် အရေ အတွက်ကို လျှော့ချဖို့ မနှစ်ကလည်း ဆုံးဖြတ်ခဲ့ပါတယ်။
အဖွဲ့ဝင် ၃၂ နိုင်ငံရှိတဲ့ နေတိုး မဟာမိတ်အဖွဲ့ အတွင်းမှာ အခုနောက်ဆုံး အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ အဖွဲ့အစည်းကို အားနည်းသွား စေနိုင် တယ်ဆိုပြီး စိုးရိမ်မှုတွေ တိုးလာနေပါတယ်။
အတ္တလန္တိတ်ဖြတ်ကျော် မဟာမိတ် အသိုက်အဝန်း အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဟာ ပြင်ပ ရန်သူတွေ မဟုတ်ဘဲ ကျွန်တော်တို့ မဟာမိတ် အဖွဲ့ကြီး တဖြည်းဖြည်း ပြိုကွဲ လာနေတာပဲ ဖြစ်တယ်လို့ ပိုလန် ဝန်ကြီးချုပ် Donald Tusk က စနေနေ့မှာ သတိပေးပြောကြားခဲ့ ပါတယ်။
—————————
THN Public Media
