နိုင်ငံရေး

စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲကို တရုတ်ဂုဏ်ပြု

ဇန်နဝါရီ ၂၆ – ၂၀၂၆

မနေ့က ကျင်းပပြီးစီးသွားပြီ ဖြစ်တဲ့ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ ကို တရုတ်နိုင်ငံက ဂုဏ်ပြုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Guo Jiakun က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက် ပါတယ်။

သတင်းထောက်တွေရဲ့ အမေးအပေါ် Guo Jiakun ရဲ့ ဖြေကြားချက်

—————————–

မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲ မဲပေးမှုလုပ်ငန်းစဉ်အားလုံးဟာ မနေ့က ပြီးဆုံးသွားခဲ့ပါတယ်။

တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဟာ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ကြပါတယ်။

မဲပေးသူတွေ တက်ကြွစွာ ပါဝင်ပြီး တည်ငြိမ်အေးချမ်းစွာနဲ့ စနစ်တကျ ကျင်း ပနိုင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲအပေါ် တရုတ်နိုင်ငံ က ဂုဏ်ပြုပါတယ်။

ဆယ်စုနှစ်များစွာ အတွင်း တရုတ်နိုင်ငံဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီးငါးရပ် အပေါ် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဘယ်သောအခါမှ ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပါဘူး။

ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တာနဲ့အညီ၊ ဒီရွေးကောက်ပွဲက တစ်ဆင့် မြန်မာနိုင်ငံက အဖွဲ့အစည်းအသီးသီးအနေနဲ့ ပိုမိုကျယ်ပြန့်ပြီး ခိုင်မာတဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်ဖို့၊ ပဋိပက္ခတွေကို စောစီးစွာ လျှော့ချပြီး နိုင်ငံရေး အခြေအနေ တည်ငြိမ်အောင် အတူတကွ ဆောင်ရွက်သွားဖို့ ကျွန်ုပ်တို့က ထောက်ခံအားပေးပါတယ်။

မြန်မာပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားဖို့နဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတွေ ပြန်လည်ရရှိလာဖို့ တရုတ်နိုင်ငံဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ လက်တွဲပြီး အပြုသဘော ဆောင်တဲ့ အကူအညီတွေ ပေးအပ်သွားဖို့ အသင့်ရှိပါတယ်။

———-

Bloomberg သတင်းထောက်: ဒါနဲ့ ပတ်သက်ပြီး ထပ်ဆင့် မေးမြန်းလိုပါတယ်။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေဟာ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပိုမိုနက်ရှိုင်းစွာ ထိတွေ့ဆက်ဆံဖို့ အကြောင်းရင်း တရပ် ဖြစ်လာစေမှာလား၊ တကယ်လို့ ဖြစ်လာမယ်ဆိုရင် ရှေ့ဆက် သွားမယ့် ဆက်ဆံရေးမှာ ဘယ်အချက်တွေကို ဦးစားပေး လုပ်ဆောင် သွားမှာလဲခင်ဗျာ။

တရုတ်ပြောခွင့်ရ Guo Jiakun – တရုတ်နဲ့ မြန်မာဟာ အစဉ်အလာအရ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်သလို ရင်းနှီးတဲ့ အိမ်နီးချင်းတွေလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာပြည်သူအားလုံးအပေါ် ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒကို ကျင့်သုံးပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကဏ္ဍစုံမှာ တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိခဲ့ပြီး မြန်မာပြည်သူတွေရဲ့ လူမှုစီးပွားဘဝ မြှင့်တင်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်စွာ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုတွေကို ဆက်လက် တိုးမြှင့်သွားဖို့ အသင့်ရှိပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *