ဖေဖေါ်ဝါရီ ၁၄ – ၂၀၂၆
ဂျာမနီ နိုင်ငံ မြူးနစ် မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့လုံခြုံရေး ညီလာခံမှာ ဂျာမနီဝန်ကြီးချုပ် Friedrich Merz က စည်းမျဉ်းအခြေပြု ကမ္ဘာ့အစီအစဉ် (world order) ဆက်ပြီး ရှိမနေတော့ဘူးလို့ သတိပေး ပြောကြားလိုက် ပါတယ်။
မနေ့က စတင်တဲ့ နှစ်စဉ် ကျင်းပမြဲ မြူးနစ် လုံခြုံရေးညီလာခံ အဖွင့်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး Friedrich Merz က အင်အားကြီး နိုင်ငံတွေရဲ့ နိုင်ငံရေးခေတ်မှာ ကျွန်တော်တို့ရဲ့ လွတ်လပ်ခွင့်ကို အာမ မခံနိုင် တော့ဘူး လို့ တခြား ကမ္ဘာ့ခေါင်းဆောင်တွေကို ပြောကြားခဲ့ကာ ဥရောပ သားတွေ အနေနဲ့ စွန်လွှတ်အနစ်နာခံမှုတွေ ပြုလုပ်ဖို့ အသင့်ရှိနေ ရမယ်လို့ ဆိုပါတယ်။
Friedrich Merz က “ကျွန်တော်တို့ ဒါကို ပိုပြီး ပွင့်ပွင့် လင်းလင်း ပြောရမယ်လို့ ထင်ပါတယ်၊ ဒီ world order အစီအစဉ်ဟာ အကောင်းဆုံး အချိန်မှာ တောင် မပြည့်စုံခဲ့ပေမဲ့ အခုတော့ အဲဒီပုံစံအတိုင်း မရှိတော့ဘူး” လို့ မိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။
ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုကြားမှာ နက်ရှိုင်းတဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်နေပြီ လို့လည်း သူက ဝန်ခံပြောကြားခဲ့ပါတယ်။
“ဥရောပနဲ့ အမေရိကန်ကြားမှာ နက်ရှိုင်းတဲ့ အကွဲအပြဲ၊ သဘောထား ကွဲလွဲမှု ကြီးတခု ဖြစ်ပေါ်နေပါပြီ၊ ဒုတိယ သမ္မတ ဂျေဒီဗန့်စ်က ပြီးခဲ့တဲ့ နှစ်က ဒီမြူးနစ်မှာပဲ ဒါကို ပွင့်ပွင့်လင်းလင်း ပြောသွားခဲ့တယ်” လို့ သူက ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အာတိတ် ဒေသ ဖြစ်တဲ့ ဂရင်းလန်းကျွန်းကို သိမ်းယူဖို့ အတည်ပြုထားတာကြောင့် ဒိန်းမတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ခြိမ်းခြောက်နေကာ ဥရောပနိုင်ငံတွေရဲ့ သွင်းကုန်တွေ အပေါ် အမေရိကန်က အခွန်တွေ စည်းကြပ်နေတဲ့ အချိန် ဒီ ညီလာခံကို ကျင်းပနေတာ ဖြစ်ပါတယ်။
ညီလာခံမှာ မိန့်ခွန်းပြောကြားဖို့ ရှိတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဂျာမနီကိုလာဖို့ လေယာဥ်ပေါ် မတက်ခင် ကမ္ဘာကြီးရဲ့ ပထဝီနိုင်ငံရေးဟာ ခေတ်သစ်တခုကို ရောက်ရှိနေပြီလို့ ပြောကြားခဲ့ ပါတယ်။
ဒီနှစ် ညီလာခံသို့ ကမ္ဘာ့ခေါင်းဆောင် ၅၀ ခန့် တက်ရောက်မယ်လို့ မျှော်လင့် ရပြီး ဥရောပ ကာကွယ်ရေးနဲ့ အတ္တလန္တိတ် သမုဒ္ဒရာဖြတ်ကျော် အနာဂတ် ဆက်ဆံရေး အတွက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
နေတိုး စစ်ရေးမဟာမိတ်အဖွဲ့ အပေါ် အမေရိကန်ရဲ့ ကတိကဝတ်တွေ အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေချိန် ညီလာခံ ကျင်းပနေတာ ဖြစ်ပါတယ်။
ဂရင်းလန်းကို ပိုင်ဆိုင်လိုတဲ့ ထရမ့်ရဲ့ ရည်မှန်းချက်ကိုလည်း ဥရောပ ခေါင်းဆောင် အများအပြားက သူတို့ရဲ့ အကြီးဆုံး မဟာမိတ်အပေါ် ယုံကြည်မှု ပျက်ပြားစေတဲ့ အလှည့်အပြောင်း ဖြစ်ရပ်တခု အဖြစ် ရှုမြင်နေ ကြ ပါတယ်။
ထရမ့်က သောကြာနေ့တုန်းက အိမ်ဖြူတော် အပြင်ဘက်မှာ သတင်းထောက် တွေကို “ဂရင်းလန်းက ကျွန်တော်တို့ကို အလို ရှိလာလိမ့်မယ်… ကျွန်တော်တို့ ဥရောပနဲ့ အဆင်ပြေပါတယ်၊ ဘယ်လို ဖြစ်လာမလဲ ကြည့်ကြ တာပေါ့၊ အခု ဂရင်းလန်း အတွက် ကျွန်တော်တို့ ညှိနှိုင်း နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ref: bbc
—————————
THN Public Media
