ဧပြီ ၂၇ – ၂၀၂၆
စာရေးဆရာ ဦးတင်ညွန့် နဲ့ သားဖြစ်သူအပါအဝင် လူ ၃ ဦးကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူဆီက သိရပါတယ်။
ဆရာကြီး ဦးတင်ညွန့်ကို ဧပြီ ၂၃ ရက်နေ့ မနက် ၂ နာရီလောက်မှာ နေအိမ်ကို လာရောက် ဖမ်းဆီးသွားတာဖြစ်ကြောင်းနဲ့ ဆရာတင်ညွန့် အပါအဝင် သုံးယောက်လုံးကို သန်လျင်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဆရာ ဦးတင်ညွန့် အဓိက အဖမ်းခံရတဲ့ အကြောင်းအရင်းတွေကတော့ ရေးသားခဲ့တဲ့ ” ခွေးထိန်း ငတာ “၊ “ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည် ” ဦးသန်းရွှေ၏ ယတြာ များ” စာအုပ်သုံးအုပ်နဲ့ ပတ်သက်ပြီး ဖမ်းခံရတာ ဖြစ်တယ်လို့ ကနဦး သိရပါတယ်။
နောက်ထပ် ဖမ်းခံရတဲ့ သားဖြစ်သူကတော့ အဆိုပါစာအုပ်တွေကို ထုတ်ဝေခဲ့တာကြောင့် ဖမ်းခံရတာဖြစ်ပြီး ကျန်တဲ့ အဖမ်းခံရသူ အမျိုးသမီး တယောက်ကတော့ ဆိုရှယ်မီဒီယာကတဆင့် အဲဒီစာအုပ် သုံးအုပ်ကို ရောင်းချခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
” အဲဒီစာအုပ်သုံးအုပ်က အဓိကပဲ ။ အဲဒီစာအုပ်တွေကို ကောင်မလေး တယောက်က အွန်လိုင်း ကနေ အရောင်းပို့စ် တင်ရောင်းတာကို တွေ့ပြီး ဖမ်းခိုင်းတာ။ အဲဒီကောင်မလေးလည်း ဖမ်းခံထားရတယ်။ သူ့စာအုပ် ထုတ်တဲ့ သူ့သားထုတ်ဝေသူလည်း အဖမ်းခံထားရတယ်။ ဆရာက ၅၀၅ က လို့တော့သိရတယ်။ အတိအကျ နောက်ရုံးချိန်ကျမှသိရမယ်။ ” လို့ မိသားစုနဲ့နီးစပ်သူ ကပြောပါတယ်။
” ခွေးထိန်း ငတာ “၊ “ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည်” ၊ “ဦးသန်းရွှေ၏ ယတြာများ” စာအုပ်တွေကတော့ NLD အစိုးရ လက်ထက်မှာ ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
စာရေးဆရာကြီး ဦးတင်ညွန့်ဟာ လက်ရှိ အချိန်ထိဆိုရင် နည်းပညာ၊ နိုင်ငံရေး၊ ပညာရေး၊ ဘာသာရေး၊ ဝတ္ထုရှည် စာအုပ်ပေါင်း ၅၀ ကျော်ကို ရေးသားပြုစုခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
စာရေးဆရာကြီး ဦးတင်ညွန့် ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေ ဘက်ကတော့ ဒီနေ့အထိ သတင်း ထုတ်ပြန်ခြင်း မရှိသေးပါ။
crd – VOM
—————————
THN Public Media
