War ပြည်တွင်း

စိုင်ပြင်ကို စစ်တပ် ပြန်ထိုးလို့ ဒေသခံ တသိန်းနီးပါး စစ်ဘေးရှောင်နေရ

မေလ ၂၄ – ၂၀၂၆

PDF တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက စိုင်ပြင်မြို့ကို စစ်တပ်က ဘုတလင်မြို့ ကနေ တဆင့် အင်အား အများ အပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာပြီး လေကြောင်း ပစ်ခတ်မှု တွေပါ ပြုလုပ်နေတဲ့ အတွက် ဘုတလင် – စိုင်ပြင်လမ်း တလျှောက်ရှိ ကျေးရွာတွေက ဒေသခံ တသိန်းနီးပါး စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စိုင်ပြင်မြို့နယ်ရှိ နယ်မြေရဲစခန်းကို PDF က ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တပ်က မုံရွာ – ဘုတလင် – စိုင်ပြင်လမ်း အတိုင်း အင်အား အလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင် လာတာလို့ သိရပါတယ်။

“နမခ စစ်ဌာနချုပ်ကနေ စစ်ကြောင်းလာနေတာက ပွိုင့်ဖိုက် စက်သေနတ် တပ်ဆင်ထားတဲ့ ကားရော၊ သံချပ်ကာကားတွေရော ပါတယ်။ ကားအစီးရေ ၂၀ လောက်ရှိမယ်။ တက်လာတာ။ ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့ လက်လွှတ်ခဲ့ရတဲ့ စိုင်ပြင်မြို့ ရဲစခန်းကို အင်အားဖြည့်ဖို့လာတာ ဖြစ်နိုင်တယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒါကြောင့် အဲဒီ လမ်းတလျှောက်ရှိ မြောက်ကြည်၊ ဇီးတော၊ ပဲပြစ်တော၊ ထတန်း၊ တက်လှိုင်း၊ ဆိပ်သာကန်၊ ကွမ်းအုံ၊ မြင်သာ၊ နတ်ရွာ၊ အုပ်ဖို၊ ကြိုကုန်း၊ ဘီရှူး၊ လက်ပန် အစရှိတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး စားသောက်၊ နေထိုင်ရေးအတွက် အခက်တွေ့နေရတယ်လို့ သိရပါတယ်။

နမခ အခြေစိုက်ရာ မုံရွာမြို့နဲ့ ၁၀ ကျော်မိုင်ကျော်အကွာရှိ ဘုတလင် မြို့နယ် ဘက်ကို နယ်မြေပြန်လည် စိုးမိုးနိုင်ဖို့အတွက် မေ ၁၆ ရက်နေ့ကတည်းက စစ်တပ်ကနေ အင်အားရာချီနဲ့ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင် လာသလို လေကြောင်း ကနေလည်း တိုက်ခိုက်မှုတွေ နေ့စဉ် ပြုလုပ် နေတာ ဖြစ်ပါတယ်။

လနဲ့ချီကြာမြင့်အောင် စစ်ကြောင်းဝင်ရောက်မှု မရှိခဲ့တဲ့ ဘုတလင်မြို့နယ် ထဲကို အခုတကြိမ် အင်အားအလုံးအရင်းနဲ့ ဝင်လာတဲ့ စစ်ကြောင်းဟာ အဲဒီ မြို့နယ်အတွင်း နယ်မြေ ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးစားလာတာ ဖြစ်နိုင်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။

“စစ်ကြောင်းက ဘုတလင်မြောက်ခြမ်းက ကျေးရွာတွေဘက်မှာ ရောက်နေပြီ။ ဘုတလင်မြို့ပေါ်ကနေ အင်အားအဆက်မပြတ် ဖြည့်ပေး နေတယ်။ မေ ၂၀ ရက်ကလည်း ဘုတလင် – စိုင်ပြင်လမ်းပိုင်းမှာ လက်နက်ကိုင် တပ်တွေနဲ့ တနေကုန်နီးပါးပဲ၊ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာရှိတယ်။ လေကြောင်း ကလည်း ခေါက်တုံ့ခေါက်ပြန်နဲ့ တနေကုန်ချတာ။ စစ်ကြောင်းက ဘုတလင်နယ် ကနေ စိုင်ပြင်ဘက်ကို ဆက်သွားနိုင်တယ်။ ဒါကြောင့် လမ်းတောက်လျှောက်က ကျေးရွာတွေ ကြိုပြီး စစ်ရှောင်ကုန်ကြတာ” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့က မုံရွာ – ရေဦးလမ်းကြော၊ ဘုတလင် – စိုင်ပြင်ကားလမ်း၊ ဆိပ်သာကန်နဲ့ အုပ်ဖိုရွာကြားမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူနှစ်ယောက် သေဆုံးခဲ့ပြီး လေးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

မေ ၁၉ ရက်နေ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်အတွင်း ဆိပ်သာကန် ကျေးရွာထဲ ကျရောက် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် နေအိမ် ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပြီး အဲဒီနောက် မေ ၂၀ ရက်နေ့ ကလည်း စစ်တပ်က ဘုတလင်မြို့နယ် မြောက်ဘက်ခြမ်းကို လေယာဉ်၊ စက်တပ် လေထီး၊ ဒရုန်းတွေနဲ့ တနေကုန်နီးပါး လေကြောင်း တိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ စစ်ရေး အခြေအနေတွေကြောင့် ဒေသခံတွေအနေနဲ့ မုံရွာ – ဘုတလင် – စိုင်ပြင် လမ်းပိုင်းကို ကျန်းမာရေးကိစ္စကလွဲပြီး လုံးဝ (လုံးဝ) သွားလာခြင်းမပြုကြဖို့ ဒေသတွင်း PDF က သတိပေးချက် ထုတ်ပြန်ထား ပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *