ဖိလစ်ပိုင်ကို အခုနှစ် အတွင်း အပြင်းထန်ဆုံး မုန်တိုင်းတခု ဖြစ်တဲ့ စူပါတိုင်ဖုန်း ‘’ဖန်ဝန်’’ ဝင်ရောက် တိုက်ခတ်ခဲ့ပြီး လူ ၄ ဦး သေဆုံး သွားတယ်လို့ အာဏာပိုင်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ကာယာပါ (Kayapa) မြို့မြောက်ပိုင်းမှာ ရွှံ့တွေပြိုကျမှု ကြောင့် အိမ်တလုံး ပိမိကာ ကလေးငယ် နှစ်ဦး သေဆုံး ခဲ့ပါတယ်။
ရေနစ်တာနဲ့ ပြိုကျ အပျက်အစီးတွေအောက် ပိလို့ သေဆုံးသူ ၂ ခု ရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၄ ဦး ရှိခဲ့ပါတယ်။
မုန်တိုင်း တနင်္ဂနွေနေ့က ကုန်းတွင်း မဝင်ရောက်မီ လူ တသန်း ကျော် ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။
လူဦးရေ အများဆုံးကျွန်းဖြစ်တဲ့ လူဇွန် (Luzon) ကျွန်းပေါ်မှာ လေပြင်း တွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မုန်တိုင်းဒီလှိုင်းတွေကြောင့် ဒေသခံတွေက အိပ်မရ ခဲ့ကြောင်း ပြောပါတယ်။
အရပ်ဘက် ကာကွယ်ရေး အကြီးတန်းအရာရှိ Raffy Alejandro က ကနဦး ခန့်မှန်းချက်တွေ အရ သေဆုံးသူ အရေအတွက် အနည်းငယ်သာ ရှိမယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
မုန်တိုင်း ဝင်ရောက်ခဲ့တဲ့ ကုန်းတွင်း Aurora ပြည်နယ်က အနည်းဆုံး မြို့နယ် ၄ ခုမှာ မြေပြိုမှုတွေကြောင့် အဆက်အသွယ် ပြတ်နေကြောင်း Alejandro က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
မုန်တိုင်းဟာ တနင်္လာနေ့မှာ အရှေ့မြောက်ဘက်ကို ဦးတည်ကာ ထိုင်ဝမ်ဆီ ရွေ့လျား သွားမယ်လို့ ခန့်မှန်းထားပြီး လေတိုက်နှုန်းဟာ ၇၅ မိုင် အထိ ကျဆင်း သွားခဲ့ပေမယ့် တိုင်ဖုန်း အဆင့် မှာ ဆက်လက် တည်ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒီမုန်တိုင်းဟာ ဖိလစ်ပိုင်ကို အခုနှစ် အတွင်း ဝင်ရောက်တဲ့ ၂၁ ခု မြောက် မုန်တိုင်း ဖြစ်ပြီး၊ ပြီးခဲ့တဲ့ သီတင်းပတ်က လူ ၂၂၄ ဦး သေဆုံးခဲ့တဲ့ ခါမာဂီ မုန်တိုင်း ဝင်ရောက်ခဲ့ပါတယ်။
ခါမာဂီ မုန်တိုင်း ကြောင့် ဗီယက်နမ်မှာ လူ ၅ ဦး သေဆုံးခဲ့ရပါတယ်။
photo: getty
—————————
THN Public Media
