နိုင်ငံတကာ

ညဘက်အထိ ဆွေးနွေးခဲ့ရတဲ့ အမေရိကန် အီရန် တို့ရဲ့ ရှုပ်ထွေးနေတဲ့ အစ္စလာမ္မာဘတ် ဆွေးနွေးပွဲ

ဧပြီ ၁၂ – ၂၀၂၆

အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ်တွေ ပါကစ္စတန် နိုင်ငံ အစ္စလာမ္မာဘတ် မှာ တိုက်ရိုက် ဆွေးနွေးနေရာမှာ အီရန်ဘက်က တောင်းဆိုထားတဲ့ ကြိုတင် သတ်မှတ်ချက်တွေဖြစ်တဲ့ လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲဖို့နဲ့ ပိတ်ဆို့ ထားတဲ့ အီရန်ပိုင် ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ ငွေကြေးတွေကို ပြန်ဖွင့်ပေးဖို့ ဆိုတဲ့ အချက်တွေက အခုဆွေးနွေးပွဲမှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေ အဖြစ် မီးမောင်းထိုးပြနေပါတယ်။

နျူကလီးယား ကိစ္စကတော့ အနောက်နိုင်ငံတွေနဲ့ အီရန်အကြား နှစ်ပေါင်း များစွာ အမြစ်တွယ်နေတဲ့ အကြီးမားဆုံး ဖြစ်တဲ့ အရင်ထဲက ပြဿနာတခု ဖြစ်ပါတယ်။

အီရန်အစိုးရဘက်က သူတို့ အနေနဲ့ နျူကလီးယားဗုံး ထုတ်လုပ်ဖို့ ဘယ်တုန်း ကမှ မကြိုးစားခဲ့ဘူးလို့ အခိုင်အမာ ပြောနေပေမဲ့ ဒေါ်နယ်ထရမ့်ဟာ နျူကလီးယား သဘောတူညီချက် ကနေ လွန်ခဲ့တဲ့ ၈ နှစ် က နုတ်ထွက် သွားကတည်းက အီရန်ဟာ အရပ်ဘက်သုံး အတွက် လိုအပ် တာထက် အများကြီးပိုတဲ့ ယူရေနီယံ သန့်စင်မှုတွေကို လုပ်ဆောင် ခဲ့တာပါ။

အမေရိကန် ကတော့ အီရန်လက်ထဲမှာရှိတဲ့ ယူရေနီယံတွေကို လွှဲပေး စေချင် နေတာဖြစ်ပြီး ဒါကလည်း အစ္စဖာဟန်မြို့ အနီးက အဆောက်အအုံ ဟောင်းတွေရဲ့ အပျက်အစီး အောက်မှာ ရှိနေတယ်လို့ ယူဆရတာကြောင့် အခက်တွေ့ နေရသလို နျူကလီးယား လက်နက် လုံးဝ မလုပ်ပါဘူးဆိုတဲ့ ကတိကိုလည်း တောင်းဆိုနေတာပါ။

ဒါပေမဲ့ အီရန်ဘက် ကတော့ သူတို့ရဲ့ ယူရေနီယံသန့်စင်ခွင့်က ညှိနှိုင်းစရာ မလိုတဲ့ အခွင့်အရေးဖြစ်တယ်လို့ ပြန်ပြောထားပါတယ်။

နောက်ထပ်ကိစ္စ ကတော့ ဟော်မုဇ်ရေလက်ကြားပါပဲ၊ ဒါဟာ အခုစစ်ပွဲ မတိုင်ခင်က ပြဿနာ မဟုတ်ခဲ့ပေမဲ့ အခုတော့ အီရန်ရဲ့ အစွမ်းထက်ဆုံး လက်နက်တခု ဖြစ်လာခဲ့ပါပြီ။

ကမ္ဘာ့အရေးအပါဆုံး ရေလမ်းကြောင်းတခုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့ အီရန်ဟာ သင်္ဘောတွေကို စစ်ဆေးတာ၊ အခွန်ကောက်တာ ဒါမှမဟုတ် လုံးဝ ဖြတ်သန်းခွင့် ပိတ်ပင်တာမျိုးတွေ အထိ ပါဝင်နိုင်တဲ့ ပင်လယ် ရေကြောင်း သွားလာမှု ဆိုင်ရာ စည်းမျဉ်းသစ်တွေကို ချမှတ်ချင် နေတာပါ။

ဒါဟာ ကမ္ဘာ့နိုင်ငံ အတော်များများ၊ အထူးသဖြင့် ပင်လယ်ကွေ့ နိုင်ငံတွေ အတွက်တော့ လုံးဝ လက်ခံနိုင်စရာမရှိတဲ့ အချက်ဖြစ်နေပါတယ်။

ပြဿနာတွေက ဒီမှာတင် ရပ်မသွားပါဘူး၊ အစ္စရေးနဲ့ အမေရိကန် ကတော့ အီရန်ရဲ့ ဒေသတွင်း သြဇာလွှမ်းမိုးမှုတွေကို အဆုံးသတ်စေချင်နေပါတယ်။

အီရန်ဘက် ကလည်း နိုင်ငံတကာ ပိတ်ဆို့မှု အားလုံးကို အကုန်အစင် ရုပ်သိမ်း ပေးဖို့နဲ့ ပြီးခဲ့တဲ့လ အတွင်း ခံစားခဲ့ရတဲ့ ထိခိုက်မှုတွေ အတွက် လျော်ကြေး ပေးဖို့ တောင်းဆိုနေပါတယ်။

တကယ်တမ်းတော့ ဒီပြဿနာတွေ အားလုံးဟာ အစ္စလာမ္မာဘတ် ဆွေးနွေးပွဲမှာ ပြေလည် သွားလိမ့်မယ်လို့ ဘယ်သူမှ မထင်ကြပါဘူး။

ဆွေးနွေးပွဲ မတိုင်ခင် အခြေအနေတွေက အရမ်းကို ထိလွယ်ရှလွယ် ဖြစ်နေတာကြောင့် အခု လောလောဆယ် အပစ်အခတ် ရပ်စဲရေး တည်မြဲ နေတာကို မြင်ရရုံနဲ့တင် လူအများစုက ကျေနပ်နေကြမယ့် သဘော ရှိနေ ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *