ဇွန် ၁၆ -၂၀၂၆
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်ထဲက ကျေးရွာတချိူ့မှာ မနေ့က ဇွန် ၁၅ ရက်နေ့က ကျောင်းဆရာမ လင်မယား အသတ်ခံရပြီး နောက်ထပ် ဆရာ ၊ဆရာမ အပါအဝင် လူကိုးယောက်ကိုလည်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ စုံစမ်းသိရှိ ရပါတယ်။
ဖြစ်စဥ်တွေ ကတော့ ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းနဲ့ ငါ့သရောက် မြို့နယ်တွေထဲက ကျေးရွာ ဘက်တွေမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ငါ့သရောက်မြို့နယ်၊ တောပြားရွာရှိ အခြေခံပညာမူလတန်းလွန် ကျောင်းက ကျောင်းဆရာတယောက်၊ ကျောင်းဆရာမ ခြောက်ယောက် နဲ့ ကျောင်းဝန် ထမ်းတယောက်တို့ကို လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
” ကျောင်းဖွင့်ပြီး စာသင်လို့ဆိုပြီး လာဖမ်းသွားတယ်ဆိုတာလောက်ပဲ သိရတယ်။ ကျန်တဲ့အခြေအနေ သေချာမသိရသေးဘူး။ ” လို့ ဒေသခံက ပြောပါတယ်။
ညောင်ဦးမြို့နယ်၊ ညောင်ပင်ကန်ရွာ မှာလည်း မနက် ၈ နာရီလောက်မှာ အခြေခံပညာ အထက်တန်း ကျောင်း (ခွဲ)မှ ကျောင်းအုပ်ဆရာမ နဲ့ ယောကျ်ားဖြစ်သူကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့က သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ သိရပါတယ်။
အသတ်ခံရသူတွေက အသက် ၄၂ နှစ် အရွယ် ဒေါ်နီလာဝင်း နဲ့ ယောကျ်ားဖြစ်သူ အသက် ၄၅ နှစ် အရွယ် ဦးဇော်လတ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
” ဆရာ ဆရာမ ဝန်ထမ်းအိမ်ယာထဲ အထိဝင်ဆွဲခေါ်ပြီးမှ အားလုံးရှေ့မှာ ပစ်သတ်သွားတာလို့ သိရတယ်။ ဆရာ၊ ဆရာမတွေကို သတ်တာကတော့ ဆိုးပါတယ်။ ကလေးတွေကို ပညာသင်ပေးတဲ့ သူတွေပါ။ ဘယ်လို အကြောင်းတွေကြောင့် သတ်ရလောက်တဲ့ အထိဖြစ်လဲဆိုတာ မသိရပါဘူး။ ခုက အကုန်လုံးကြောက်နေရတယ်။ ” လို့ ဒေသခံက ပြောပါတယ်။
ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံအိုရွာမှာတော့ အသက် ၇၀ အရွယ် ဦးပခန်းညိုဆိုတဲ့ သက်ကြီးပိုင်း အမျိုးသား တယောက်ကို ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားတယ် လို့ သိရပါတယ်။
ဇွန် ၁၁ ရက်နေ့ ကလည်း ပဲခူးတိုင်းအနောက်ပိုင်း၊ လက်ပံတန်းမြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ရေနောက်ရွာဟောင်း ကျေးရွာက ဒေသခံငါးယောက်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တခုက နေအိမ်အထိ ဝင်ရောက်ပြီး သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။
ဇွန်လ ၉ ရက်နေ့ ကလည်း မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အမှတ် (၄) ရပ်ကွက်နေ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလွင်မျိုးအောင် နဲ့ သားဖြစ်သူ မောင်ရဲမာန်တို့ သားအဖကိုလည်း PDF အဖွဲ့က သတ်ဖြတ် သွားတယ်လို့ သိရပါတယ်။
ဇွန် ၈ ရက်ကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာက ဦးအောင်မျိုးခိုင် (ခ) သားချို ဆိုသူကို PDF အဖွဲ့တွေက နေအိမ်အထိ ဝင်ရောက် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၁ ရက်နေ့ ကလည်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာနေ အခြေခံပညာ အထက်တန်းကျောင်းခွဲ (ခင်မွန်) မှ ဒုတိယ မူလတန်းပြဆရာမ ဒေါ်ခင်နှင်း နဲ့ ကွေးမြို့နယ် လျှပ်စစ်ရုံးမှ မန်နေဂျာ ဖြစ်သူ ဦးအောင်ကျော်ကျော် ကိုလည်း ဒေသတွင်း လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားတယ် လို့ သိရပါတယ် ။
Crd – VOM
—————————
THN Public Media
