ဧပြီ ၂၁ – ၂၀၂၆
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်သူ မစ္စတာ ဝမ်ယိဟာ ဧပြီလ ၂၂ ရက်နေ့ ကနေ ၂၆ ရက်နေ့ အထိ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေကို အလည်အပတ် သွားရောက်မှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Guo Jiakun က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
ဒီခရီးစဥ်နဲ့ ပတ်သက်ပြီး ဘာတွေ မျှော်လင့်ထားလဲ လို့ သတင်းထောက်က မေးရာမှာ သူက
‘’ကမ္ဘောဒီးယား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့ ချစ်ကြည် ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ပါတယ်။ သမ္မတ ရှီကျင်ပင်းနဲ့ ဒီ သုံးနိုင်ငံ ခေါင်းဆောင် တွေရဲ့ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်မှာ တရုတ်နဲ့ ဒီနိုင်ငံတွေကြား ဘုံအနာဂတ်ရှိတဲ့ အသိုက်အဝန်း တခု တည်ဆောက်ရေး ကနေ တည်ငြိမ်ပြီး ခိုင်မာတဲ့ တိုးတက်မှုတွေကို ရရှိခဲ့ပြီး သူတို့ နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း တွန်းအား ကောင်းကောင်း ပေးစွမ်းနိုင်ခဲ့ကြောင်း ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးလည်း ထိုင်းနဲ့ မြန်မာနိုင်ငံမှာ အစိုးရသစ်တွေ ဖွဲ့စည်းထားတာ မကြာသေးတဲ့ အတွက် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းကာလမှာ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒီခရီးစဉ်ကနေ တဆင့် ခေါင်းဆောင်တွေကြား ရရှိထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့၊ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုနက်ရှိုင်းစေဖို့၊ တရုတ်-မြန်မာ ရင်းနှီးတဲ့ ချစ်ကြည်ရေးကို ဆက်လက် သယ်ဆောင် သွားဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ သာယာဝပြောရေး အတွက် ပိုမိုပံ့ပိုးကူညီနိုင်ဖို့ တရုတ်နိုင်ငံက မျှော်လင့်ထားကြောင်း ပြောဆိုသွား ပါတယ်။
မစ္စတာ ဝမ်ယိဟာ ကာကွယ်ရေးဝန်ကြီး Dong Jun နဲ့ အတူ တရုတ်-ကမ္ဘောဒီးယား နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးများ အဆင့် ၂+၂ မဟာဗျူဟာမြောက် ဆွေးနွေးမှု ယန္တရားရဲ့ ပထမဆုံး အကြိမ် အစည်း အဝေးကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။
—————————
THN Public Media
