နိုင်ငံတကာ

တောင်ကိုရီးယားနဲ့ ထရမ့် ကုန်သွယ်ရေး သဘောတူညီချက် အသစ် ရရှိ၊ ဒေါ်လာ ၃၅၀ ဘီလီယံ မြှုပ်နှံဖို့ သဘောတူ၊ အခွန်လျှော့ချကြောင်း ကြေညာ

TOPSHOT – US President Donald Trump shakes hands with South Korean President Lee Jae Myung during a high honor presentation ceremony at the Gyeongju National Museum in Gyeongju on October 29, 2025. (Photo by ANDREW CABALLERO-REYNOLDS / AFP) (Photo by ANDREW CABALLERO-REYNOLDS/AFP via Getty Images)

အောက်တိုဘာ ၃၀ – ၂၀၂၅

တောင်ကိုရီးယားသမ္မတ လီဂျေမြောင် နဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် တို့ ခေါင်းဆောင်နှစ်ဦးရဲ့ မနေ့က ဆွေးနွေးပွဲတွေ အပြီး အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ အကြား ကျယ်ပြန့်တဲ့ ကုန်သွယ်ရေး သဘောတူညီချက် တရပ်ကို ရရှိခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတအကြံပေး Kim Yong-beom က နှစ်နိုင်ငံဟာ အရင်နှစ် အစောပိုင်းက သဘောတူခဲ့တဲ့ အတိုင်း အပြန်အလှန် အခွန်တွေ ကို ၂၅% မှ ၁၅% သို့ လျှော့ချ မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားဟာ အမေရိကန် ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ မှာ ဖြစ်ပြီး၊ ငွေသား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၀၀ ဘီလီယံ နဲ့ သင်္ဘော တည်ဆောက်ရေး လုပ်ငန်းအတွက် ဒေါ်လာ ၁၅၀ ဘီလီယံ ပါဝင်ကြောင်း Kim က ပြောပါတယ်။

ထရမ့်က အခုနှစ်အစောပိုင်းမှာ ဆိုးလ် အပေါ် ၂၅% အခွန်နှုန်း ထား သတ်မှတ် ခဲ့ရာ တောင်ကိုရီးယားက အမေရိကန်မှာ ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ဒေါ်လာ ၁၀၀ ဘီလီယံ တန်ဖိုးရှိ သဘာဝ ဓာတ်ငွေ့ရည် (LNG) ဝယ်ယူမယ်လို့ ပြောကြားပြီးနောက် လီဂျေမြောင် က အခွန်နှုန်းထားကို ၁၅% လျှော့ဖို့ ညှိနှိုင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အာရှ တပတ်ကြာ ခရီးစဉ် အဖြစ် တောင်ကိုရီးယားကို ရောက်ရှိ နေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် က ဆွေးနွေးမှု နှစ်နာရီ နီးပါး အကြာ ညစာစားပွဲမှာ ဒီသဘောတူညီချက်ဟာ “လုံးဝနီးပါး အပြီးသတ်ပြီ” လို့ ပြောကြားခဲ့ ပေမယ့် အသေးစိတ်ကို ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပါ။

“ဒီနေ့ တောင်ကိုရီးယား နဲ့ ကိစ္စကြီးတွေအတွက် တွေ့ဆုံဆွေးနွေးခဲ့တယ်” ဟု ပြောကြားပြီး “အများကြီး ဆုံးဖြတ်ခဲ့ ကြတယ်” လို့ ဆိုပါတယ်။

“အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်တဲ့ တခြား ကိစ္စရပ် အချို့ကိုလည်း ဆွေးနွေးခဲ့ ပါတယ်။ အရေးကြီးတဲ့ အချက်အလက် များစွာကို ကောက်ချက်ချ နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ သူက ပြောပါ တယ်။

နှစ်နိုင်ငံစလုံးဟာ သမိုင်းကြောင်းအရ အဓိက မဟာမိတ်တွေ ဖြစ်ကြ ပေမယ့် ပြီးခဲ့တဲ့ လက အမေရိကန်မှာ တောင်ကိုရီးယားနိုင်ငံသား ရာပေါင်း များစွာကို လူဝင်မှုကြီးကြပ်ရေး က ဝင်ရောက် စီးနင်း ဖမ်းဆီးမှု ကြောင့် နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ဟာ ဒီကနေ့မှာတော့ APEC (အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး) ထိပ်သီး အစည်းအဝေး ကို လာတက်မယ့် တရုတ်သမ္မတ ရှီကျင်ပင်း နဲ့ သီးခြား တွေ့ဆုံမှာ ဖြစ်ပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *