နိုင်ငံတကာ

ထရမ့်မိန့်ခွန်းကို တည်းဖြတ်မှု နဲ့ ပတ်သက်ပြီး BBC ညွှန်ချုပ် နုတ်ထွက်၊ သတင်းဌာန အကြီးအကဲပါ ရာထူးကဆင်း

နိုဝင်ဘာ ၁၀ – ၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ မိန့်ခွန်း တခုမှာ အနောက်ဘက်က ပြောကြားချက်ကို အရှေ့ပိုင်းထည့်ပြီး BBC က တည်းဖြတ်လိုက်တဲ့ အတွက် ဒါဟာ ပရိသတ်ကို အထင်အမြင် လွဲစေတယ် ဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် BBC ရဲ့ ညွှန်ကြားရေးမှူးချုပ် (Director-General) Tim Davie ဟာ မနေ့က ရာထူးက နုတ်ထွက်သွားပြီ ဖြစ်ပါ တယ်။

ဒါနဲ့ ပတ်သက်ပြီး BBC သတင်းဌာန အကြီးအကဲ (Head of News) Deborah Turness ဟာလည်း ရာထူးက ဆင်းသွားခဲ့ပါတယ်။

ထရမ့် မိန့်ခွန်းကို တည်းဖြတ်မှု

—————————-

ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်တာဟာ မဲမသာ မှုကြောင့် လို့ ဆိုကာ သူ့ကို ထောက်ခံသူတွေကို ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့ မိန့်ခွန်း ပြောကြားခဲ့ရာ မိန့်ခွန်းအစပိုင်းမှာ

“We’re going to walk down to the Capitol, and we’re going to cheer on our brave senators and congressmen and women”

(ကျွန်တော်တို့ ကွန်ဂရက်ကို လမ်းလျှောက်သွားကြမယ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ ရဲရင့်တဲ့ အထက်လွှတ်တော် အမတ်တွေနဲ့ အောက်လွှတ်တော် အမတ်တွေကို အားပေးကြမယ်) လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီအပိုင်းဟာ ထောက်ခံသူတွေကို ငြိမ်းချမ်းစွာ ချီတက်ဖို့ တိုက်တွန်းတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

ထရမ့်ရဲ့ မိန့်ခွန်း မိနစ် ၅၀ ကျော် အချိန်မှာတော့ ထရမ့်က ” and I’ll be there with you. And we fight. We fight like hell” (ပြီးတော့ ကျွန်တော် အဲဒီမှာ ခင်ဗျားတို့နဲ့အတူ ရှိနေမယ်။ ပြီးတော့ တိုက်ပွဲ ဝင်ကြမယ်။ အားကုန် ကြိုးစား တိုက်ပွဲဝင်ကြမယ်) လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

BBC Panorama အစီအစဥ် ကနေ ထရမ့် အစမှာ ပြောထားချက် ဖြစ်တဲ့ (“We’re going to walk down to the Capitol,) နဲ့ နောက်ပိုင်း ပြောကြားချက် (and I’ll be there with you. And we fight. We fight like hell”) ဆိုတာကို ပေါင်းလိုက်ပြီး တည်းဖြတ်လိုက်ရာ

• “We’re going to walk down to the Capitol… and I’ll be there with you. And we fight. We fight like hell” (ကျွန်တော်တို့ ကွန်ဂရက်ကို လမ်းလျှောက်သွားကြမယ်… ပြီးတော့ ကျွန်တော် အဲဒီမှာ ခင်ဗျားတို့နဲ့အတူ ရှိနေမယ်။ ပြီးတော့ တိုက်ပွဲဝင်ကြမယ်။ အားကုန် ကြိုးစား တိုက်ပွဲဝင်ကြမယ်) လို့ ပြောသလို ဖြစ်သွားခဲ့ ပါတယ်။

အဲဒီလို တည်းဖြတ်လိုက်တဲ့ အတွက် ထရမ့်ဟာ ထောက်ခံသူတွေကို ကွန်ဂရက်ကို စီးနင်းဖို့ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် တုန့်ပြန်ဖို့ တိုက်ရိုက် လှုံ့ဆော်ခဲ့ သလို ဖြစ်စေခဲ့ပါတယ်။

ဒါဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့ ကွန်ဂရက်စီးနင်းမှု အတွက် ထရမ့် ရဲ့ တာဝန်ရှိမှုကို သက်သေပြနိုင်တဲ့ ပုံစံမျိုး ဖန်တီးသလို ဖြစ်စေခဲ့တာပါ။

တကယ်တမ်း ထရမ့် က အစပိုင်းမှာ ငြိမ်းချမ်းစွာ ချီတက်ပြီး ကွန်ဂရက် အမတ်တွေကို အားပေးဖို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကို ယူကေ ထုတ် The Telegraph သတင်းစာက ထုတ်ဖေါ်ခဲ့ပြီး အခုလို တည်းဖြတ်မှု မှန်ကန်ကြောင်း ဖေါ်ပြနိုင်ခဲ့ပါတယ်။

အိမ်ဖြူတော်က BBC ကို ၁၀၀% အတုအယောင် သတင်း၊ ဝါဒဖြန့် ယန္တရား ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

BBC ရဲ့ ညွှန်ကြားရေးမှူးချုပ် Tim Davie နဲ့ သတင်းဌာန အကြီးအကဲ Deborah Turness တို့လည်း BBC ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ အတွက် ရာထူးမှ နုတ်ထွက်သွားခဲ့ကြတာ ဖြစ်ပါတယ်။

Tim Davie က မနေ့ တနင်္ဂနွေနေ့ ညနေပိုင်း သူ နုတ်ထွက်ကြောင်း ကြေညာရာမှာ “အများပြည်သူဆိုင်ရာ အဖွဲ့အစည်း အားလုံးလိုပဲ BBC ဟာ ပြီးပြည့်စုံခြင်း မရှိပါဘူး၊ ကျွန်တော်တို့ဟာ အမြဲတမ်း ပွင့်လင်း မြင်သာမှုနဲ့ တာဝန်ခံမှု ရှိရပါမယ်… တခုတည်းသော အကြောင်းပြချက် မဟုတ်ပေမဲ့၊ လက်ရှိ BBC သတင်းရဲ့ အငြင်းပွားမှုဟာ ကျွန်တော့် ဆုံးဖြတ်ချက်ကို အထောက်အကူပြုခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ ပါတယ်။

သတင်း ဌာန အကြီးအကဲ Turness ကလည်း Panorama အငြင်းပွားမှု ဟာ “BBC ကို ထိခိုက်စေတဲ့ အဆင့်ကို ရောက်ရှိနေပြီ” လို့ ပြောပါတယ်။

“အများပြည်သူ နဲ့ သက်ဆိုင်တဲ့ ခေါင်းဆောင်တွေဟာ အပြည့်အဝ တာဝန်ခံမှု ရှိဖို့ လိုပါတယ်၊ ဒါကြောင့် ကျွန်မ ရာထူးက နုတ်ထွက်တာပါ” လို့ ဆက်ပြီး ပြောဆိုသွားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *