War နိုင်ငံတကာ

ထရမ့် – ပူတင် ဆွေးနွေးပွဲ ပျက်ပြီး နာရီပိုင်းမှာ ယူကရိန်းကို ရုရှားတိုက်ခိုက်လို့ ကလေးငယ် ၂ ဦး အပါအဝင် လူ ၇ ဦး သေဆုံး

အောက်တိုဘာ ၂၂ – ၂၀၂၅

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ ဘူဒါပက်စ် မှာ ပြုလုပ်ဖို့ စီစဥ်ထားတဲ့ ထိပ်သီးအစည်းအဝေးကို “အချည်းနှီးဖြစ်မယ့် အစည်း အဝေး” မဖြစ်စေလိုတာကြောင့် ရပ်ဆိုင်း လိုက်ပြီ လို့ ထရမ့်က ပြောကြားခဲ့ပြီး နာရီပိုင်းမှာဘဲ ရုရှားက ယူကရိန်းကို ဒရုန်းတွေ ဒုံးကျည်တွေနဲ့ အပြင်းအထန် တိုက်ခိုက် ခဲ့တာကြောင့် ကလေးငယ် နှစ်ဦး အပါအဝင် အနည်းဆုံး လူ ၇ ဦး သေဆုံး သွားခဲ့ ပါတယ်။

ယူကရိန်းရဲ့ ဒုတိယ အကြီးဆုံးမြို့ Kharkiv မူကြိုကျောင်း ထိမှန်ခဲ့ပြီး Kyiv မြို့တော်တဝိုက်မှာလည်း ပျက်စီးဆုံးရှုံးမှုတွေ အများအပြား ရှိခဲ့ကာ ဒဏ်ရာ ရရှိသူ ၂၇ ဦးထဲမှာ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။

သမ္မတ ဗိုလိုဒီမီယာ ဇလန်စကီး က အခု တိုက်ခိုက်မှုဟာ ရုရှားအပေါ် ဖိအားပေးမှု လုံလောက်စွာ မရှိသေးကြောင်း သက်သေပြနေတာ ပြောဆိုခဲ့ ပါတယ်။

ထရမ့် နဲ့ ဥရောပခေါင်းဆောင်တွေက ယူကရိန်း ရှေ့တန်း နေရာတွေမှာ တိုက်ခိုက်နေမှု ရပ်စဲဖို့ တောင်းဆိုမှုတွေကို ရုရှားက ပယ်ချခဲ့ပါတယ်။

ရုရှားအရာရှိတွေက ထရမ့် – ပူတင် ထိပ်သီး အစည်းအဝေး အတွက် ပြင်ဆင်မှုတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒီကနေ့မှာ ပြောဆိုလိုက်ပြီး အမေရိကန် သမ္မတရဲ့ ဆွေးနွေးပွဲ ရပ်ဆိုင်းထား တယ်ဆိုတဲ့ အကဲဖြတ်ချက်ကို သဘောမတူကြောင်း ငြင်းဆိုခဲ့ပါတယ်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမက်ထရီ ပက်စ်ကို့ဗ် က ရက် သတ်မှတ်ဖို့ သဘောတူညီမှု မရသေး ကြောင်းနဲ့ ကြိုတင်ပြင်ဆင်တွေ လိုအပ်ကြောင်း ပြောကြားပါတယ်။

ဒီ ထိပ်သီးအစည်းအဝေးဟာ “သမ္မတနှစ်ဦးစလုံးရဲ့ နှစ်ဘက်သဘော ဆန္ဒ” ဖြစ်ပြီး၊ ဒါနဲ့ ပတ်သက်တဲ့ ကောလာဟလတွေနဲ့ သတင်းအမှားတွေ ဟာ မှန်ကန်မှု မရှိဘူးလို့ သူက ဆိုပါတယ်။

ယူကရိန်းသမ္မတ ဇလန်စကီး ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဝါရှင်တန်မှာ ထရန့်နဲ့ ဆွေးနွေးခဲ့ပေမယ့်လည်း တိုမာဟော့ခ် တာဝေးပစ် ဒုံးကျည်တွေ အထောက် အပံ့ ရရှိဖို့ ထရမ့်ကို ဆွဲဆောင်နိုင်ခဲ့ခြင်း မရှိတဲ့ နောက် ဒီကနေ့ ဗုဒ္ဓဟူးနေ့ မှာတော့ သူ့ရဲ့ ဥရောပခရီးစဉ် အစ အဖြစ် နော်ဝေနိုင်ငံ ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဇလန်စကီး က “တာဝေးပစ်ဒုံးကျည်ကိစ္စဟာ ကျွန်တော်တို့ ယူကရိန်း အတွက် အနည်းငယ် ဝေးကွာသွားတာနဲ့၊ ရုရှားဟာ သံတမန်ရေးကို စိတ်ဝင်စားမှု လျော့ကျသွားခဲ့ပါတယ်” လို့ နော်ဝေမှာ သတင်းထောက် တွေကို ပြောကြားသွားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *