နိုင်ငံတကာ

ထိုင်ဝမ်ကို သွားရောက်ခဲ့တဲ့ နယူးဇီလန်လွှတ်တော်အမတ် လေးဦးကို တရုတ်အစိုးရ ပြည်ဝင်ခွင့်ပိတ်ပင်

ဇွန် ၄ – ၂၀၂၆

နယူးဇီလန်လွှတ်တော်အမတ် လေးဦးဟာ ထိုင်ဝမ်ကို သွားရောက် လည်ပတ်ခဲ့တဲ့ အတွက် တရုတ် အစိုးရက သူတို့ကို တနှစ်ကြာ ပြည်ဝင်ခွင့် ပိတ်ပင် လိုက်ကြောင်း နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြား ခဲ့ပြီး၊ ဒါဟာ ပထမဆုံးအကြိမ် ပိတ်ပင်တာလည်း ဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေဟာ ပြီးခဲ့တဲ့ မေလတုန်းက ခရီးစဉ်ကနေ ပြန်လာတဲ့ အချိန်မှာမှ ဒီပြည်ဝင်ခွင့် ပိတ်ပင်မှုကို သိရှိခဲ့ကြတာဖြစ်ပြီး၊ တကယ်လို့ ပြန်လည် တောင်းပန်မယ်ဆိုရင်တော့ ဒီပိတ်ပင်မှုကို လျှော့ပေါ့ ပေးတာ ဒါမှမဟုတ် ပယ်ဖျက်ပေးနိုင်တယ်လို့ တရုတ်သံရုံးဘက်က ပြောဆို ထားကြောင်း ဒေသတွင်း မီဒီယာတွေက ကြာသပတေးနေ့မှာ ဖော်ပြခဲ့ကြပါတယ်။

တရုတ်အစိုးရဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို သူတို့ရဲ့ ပိုင်နက် နယ်မြေ အဖြစ် ကြေညာထားပြီး ထိုင်ဝမ်ရဲ့ နိုင်ငံတကာဆက်ဆံရေး တွေကို ကန့်သတ်ဖို့ အမြဲတမ်း ကြိုးပမ်းလေ့ရှိပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရ အနေနဲ့ ထိုင်ဝမ်ကို သွားရောက်လည်ပတ်တဲ့ အတွက် နယူးဇီလန် လွှတ်တော်အမတ်တွေကို အခုလို ပြည်ဝင်ခွင့် ပိတ်ပင်တာမျိုးက ဒါဟာ ပထမဆုံးအကြိမ်ဖြစ်လို့ နိုင်ငံခြားရေးဝန်ကြီး Winston Peters အနေနဲ့ “အံ့အားသင့်” ခဲ့ရတယ်လို့ ဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူ တဦးက ပြောကပါတယ်။

“နယူးဇီလန်လွှတ်တော်အမတ်တွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက ထိုင်ဝမ်ကို သွားရောက်လည်ပတ်ခဲ့ကြတာဖြစ်ပြီး၊ ဒီလို သွားရောက် တာဟာ နယူးဇီလန်ရဲ့ တရုတ်တနိုင်ငံတည်းမူဝါဒ One China Policy နဲ့ ဆန့်ကျင် ကွဲလွဲနေတာမျိုး မရှိပါဘူး” လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

နယူးဇီလန်နိုင်ငံ တရုတ်သံရုံးရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာတော့ အခုလို ပိတ်ပင် လိုက်ရခြင်းဟာ လွှတ်တော်အမတ်တွေ အနေနဲ့ “တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ စိုးရိမ်ပူပန်မှုတွေကို လျစ်လျူရှုပြီး” လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ထိုင်ဝမ်ကို သွားရောက်ဖို့ ဇွတ်အတင်း လုပ်ဆောင်ခဲ့ကြလို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီခရီးစဉ်ဟာ ထိုင်ဝမ်ရဲ့ အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ DPP နဲ့ “ထိုင်ဝမ်လွတ်လပ်ရေးအင်အားစုတွေ” ဆီကို “မှားယွင်းတဲ့ အချက်ပြမှု တွေ” ပေးပို့ လိုက်တာဖြစ်ပြီး၊ ဒါဟာ “တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ” လည်း ဖြစ်တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ မေလခရီးစဉ်မှာ ပါဝင်ခဲ့ကြတဲ့ ဥပဒေပြုအမတ်တွေ ကတော့ အာဏာရ ညွန့်ပေါင်းအဖွဲ့က Maureen Pugh၊ David Wilson နဲ့ Laura McClure တို့ဖြစ်ကြပြီး၊ အတိုက်အခံ လေဘာပါတီက Duncan Webb လည်း ပါဝင်ခဲ့ပါတယ်။

ACT ပါတီက လွှတ်တော်အမတ် McClure ကတော့… ဒီပြည်ဝင်ခွင့် ပိတ်ပင်မှုဟာ “နိုင်ငံခြားစွက်ဖက်မှု ပုံစံတမျိုး” ဖြစ်ပြီး၊ သူမ အနေနဲ့ “ထိုင်ဝမ်ကို သွားရောက်လည်ပတ်ခဲ့တဲ့ အတွက် ဘယ်တော့မှ တောင်းပန်မှာ မဟုတ်ဘူး” လို့ New Zealand Herald သတင်းစာက ဖော်ပြခဲ့ပါတယ်။

သူမက ယခင်နှစ်တွေတုန်း ကလည်း အလားတူ ခရီးစဉ်မျိုးတွေ ရှိခဲ့ဖူးတာကြောင့် အခုလို ပိတ်ပင်လိုက်တဲ့ အပေါ် “တော်တော်လေး အံ့အားသင့်ပြီး စိတ်ပျက်မိတယ်” လို့ ရေဒီယို နယူးဇီလန်ကို ပြောကြားခဲ့ ပါတယ်။

ဒါ့အပြင် နယူးဇီလန်လွှတ်တော် အမတ်တွေမှာ “ကမ္ဘာအနှံ့ လွတ်လပ်စွာ သွားလာခွင့်ရှိတယ်” လို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ဒါဟာ လွတ်လပ်တဲ့ ဒီမိုကရေစီ စနစ်အောက်မှာ ရှင်သန်နေထိုင်ရခြင်းရဲ့ အစိတ်အပိုင်းတခုပါပဲ” လို့ သူမက ဆိုပါတယ်။

နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး Peters ဟာ “ယခင်လုပ်ထုံး လုပ်နည်းတွေ ကနေ ဘာကြောင့် အခုလို သွေဖည်သွားလဲ” ဆိုတာကို “ပိုမိုနားလည်နိုင်ဖို့” အတွက် ပေကျင်းနဲ့ ဝယ်လင်တန်မြို့တွေမှာ ရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေကို တရုတ် အာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ ညွှန်ကြားထားတယ် လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နယူးဇီလန်နိုင်ငံဟာ ၁၉၇၂ ခုနှစ်မှာ ပေကျင်း အစိုးရနဲ့ တရားဝင် သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ပြီး ကတည်းက တရုတ်တနိုင်ငံတည်း မူဝါဒကို ထိန်းသိမ်းထားခဲ့တာ ဖြစ်ကာ၊ ဒါဟာ တရုတ်အစိုးရ တရပ်တည်းသာ ရှိတယ် ဆိုတဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို သံတမန်ရေးအရ အသိအမှတ် ပြုထားတာ ဖြစ်ပါတယ်။

နယူးဇီလန်ဟာ ပေကျင်းအစိုးရနဲ့သာ တရားဝင် ဆက်ဆံရေးရှိပြီး ထိုင်ပေ အစိုးရနဲ့တော့ မရှိပါဘူး။

ဒါပေမဲ့ တခြားနိုင်ငံ အများအပြားလိုပဲ နယူးဇီလန်ဟာ ထိုင်ဝမ်နဲ့ ပုံမှန် အပြန်အလှန် ဆက်ဆံမှုတွေကိုတော့ ဆက်လက် ထိန်းသိမ်းထားပါတယ်။

မနှစ်တုန်းကလည်း နယူးဇီလန်လွှတ်တော်အမတ် တစုဟာ ထိုင်ဝမ်ခရီးစဉ် အတွင်း ထိုင်ဝမ်သမ္မတ Lai Ching-te နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

နယူးဇီလန်ရှိ တရုတ်သံရုံးက အဲဒီခရီးစဉ်အပေါ် ဝေဖန်ခဲ့ပြီး လွှတ်တော် အမတ် တွေဟာ “ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေး သမား အင်အားစု တွေနဲ့ ပူးပေါင်းကြံစည်နေကြတာ” လို့ ဖော်ပြခဲ့ပါတယ်။

ပေကျင်းအစိုးရဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ တုန်းက ဝယ်လင်တန်မြို့ရှိ ထိုင်ဝမ်ရဲ့ တရားဝင် မဟုတ်တဲ့ သံရုံးက ပြုလုပ်တဲ့ ဧည့်ခံပွဲကို တက်ရောက် ခဲ့ကြတဲ့ နယူးဇီလန် ဥပဒေပြု အမတ်တွေကိုလည်း ယခင်က ပြစ်တင် ရှုတ်ချခဲ့ဖူးပါတယ်။

ထိုင်ဝမ်ကတော့ တရုတ် အစိုးရအနေနဲ့ သူတို့ရဲ့ တခြားနိုင်ငံတွေနဲ့ သံတမန် ရေးရာ ဆက်ဆံရေး တွေကြားမှာ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်း နေတယ် လို့ ယခင်ကတည်းက စွပ်စွဲခဲ့တာပါ။

ပြီးခဲ့တဲ့လက သမ္မတလိုင်ဟာ အာဖရိကမှာ ထိုင်ဝမ်ရဲ့ တခုတည်းသော သံတမန် မိတ်ဖက်ဖြစ်တဲ့ Eswatini နိုင်ငံဆီကို သွားရောက်လည်ပတ်ခဲ့ပြီး၊ မသွားရောက်ခင် ရက်ပိုင်း အလိုမှာပဲ သူ့ရဲ့ခရီးစဉ်ကို ဖျက်သိမ်း လိုက်ရ တယ်လို့ ထိုင်ဝမ် အစိုးရက ပြောခဲ့ပါတယ်။

ဒါဟာ တရုတ် အစိုးရက အာဖရိကနိုင်ငံတွေကို ဖိအားပေးပြီး သမ္မတလိုင် စီးလာမယ့် လေယာဥ်ကို သူတို့ရဲ့ လေပိုင်နက်ကို ဖြတ်ပျံတာ မပြုဖို့ တားမြစ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *