ထိုင်းနိုင်ငံ ချောင်ပူရီခရိုင် ဖန်ထောင် ဒေသမှာ မနေ့ ည ၁၁ နာရီလောက်က မြန်မာအလုပ်သမား ၁၀၀ နီးပါး လမ်းမပေါ် အုပ်စုဖွဲ့ ခိုက်ရန် ဖြစ်ပွား ခဲ့တာကြောင့် ထိခိုက် ဒဏ်ရာသူတွေ ရှိခဲ့လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ထိခိုက်သူတွေကို ဆေးရုံ ပို့ဆောင်ပေးခဲ့ရကာ ရဲတပ်ဖွဲ့က ကျူးလွန် သူတွေကို အပြင်းအထန် လိုက်လံဖမ်းဆီးနေကြောင်း ထိုင်းသတင်း တပုဒ်မှာ ဖေါ်ပြထားပါတယ်။
ဒီဖြစ်ရပ်ကြောင့် ဒေသခံတွေ အထိတလန့် ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဖန်ထောင် ရဲတပ်ဖွဲ့ အဆိုအရ ဘန်းကောင် ရပ်ကွက်က ကွန်ဒိုရှေ့မှာ မြန်မာအလုပ်သမားတွေ အုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြတာ ဖြစ်ပြီး အခင်းဖြစ်ရာ နေရာမှာ ဒဏ်ရာရရှိခဲ့သူ မြန်မာနိုင်ငံသား ၂ ဦးကို တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။
မျက်မြင်သက်သေတဦးပြောတာကတော့ ဓားများကိုင်ဆောင်ထားတဲ့ သူတွေဟာ လမ်းတဘက်သို့ ဖြတ်ကူးပြီးနောက် တခြား မြန်မာနိုင်ငံသား တွေက မောင်းထုတ်ခဲ့ရာ ကနေ ရန်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဒဏ်ရာရရှိသူ ၂ ဦး အနက် တဦးက မာကျောတဲ့ အရာနဲ့ အရိုက်ခံထားရ ကြောင်းနဲ့ နောက်တဦးကတော့ ဓားနဲ့ ခုတ်ခံရတာလို့ ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ အရက်သောက်ရာကနေ အုပ်စုဖွဲ့ ရန်ပွဲ အဖြစ် ကြီးထွား လာခြင်းတာလို့ ယူဆရပြီး ရဲတပ်ဖွဲ့က အဲဒီနေရာက CCTV မှတ်တမ်း တွေကို ပြန်လည် စစ်ဆေးနေကာ ကျူးလွန်သူတွေကို ဥပဒေနဲ့ အညီ တရားစွဲဆိုသွားမယ်လို့ ပြောကြားပါတယ်။
Ref: Khaosod
—————————
THN Public Media
