နိုင်ငံရေး

“ထွက်ပေါက်မရှိတဲ့ ဗျူဟာ, ဗမာပြည်ရဲ့ အဆုံးမဲ့ အကျပ်အတည်း နဲ့ အမေရိကန် ရဲ့ အကန့်အသတ် ရွေးချယ်မှုများ’’ ခေါင်းစဥ်နဲ့ ကန် အောက်လွှတ်တော်မှာ ဆွေးနွေး၊ မြန်မာ့အရေး ပိုမိုပြင်းထန်စွာ ဆောင်ရွက်ဖို့ အမေရိကန် အမတ်တွေ တိုက်တွန်း

နိုဝင်ဘာ ၁၉ – ၂၀၂၅

မြန်မာ့ပဋိပက္ခကို ‌ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်ပြည်ထောင်စု မှာ အချိန်နည်းပါး လာပြီ ဖြစ်တယ်လို့ ဥပဒေပြု အမတ်တွေက အင်္ဂါနေ့က သတိပေးလိုက် ပါတယ်။

မြန်မာစစ်ကော်မရှင်က ချုပ်ကိုင်မှုကို တင်းကျပ်ထားပြီး လာမယ့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေချိန်မှာ အမေရိကန်ရဲ့ တုံ့ပြန်မှုကို ပိုမို အားကောင်း လာစေဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဟာ အရှေ့အာရှ ပစိဖိတ်ရေးရာ နဲ့ တောင်အာရှ အလယ်အာရှရေးရာ ကော်မတီခွဲ တွေနဲ့ ပူးတွဲကြားနာပွဲ တရပ်ကို ကျင်းပခဲ့တာ ဖြစ်ပြီး “ထွက်ပေါက်မရှိတဲ့ ဗျူဟာ, ဗမာပြည်ရဲ့ အဆုံးမဲ့ အကျပ်အတည်း နဲ့ အမေရိကန် ရဲ့ အကန့်အသတ် ရွေးချယ်မှုများ’’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ကြားနာပွဲမှာ မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှုနဲ့ လုံခြုံရေး အကျပ်အတည်းတွေ နက်ရှိုင်းလာမှုကို မီးမောင်းထိုးပြခဲ့ပါတယ်။

ကော်မတီဥက္ကဌ ကယ်လီဖိုးနီးယားပြည်နယ် (အမျိုးသမီး) ရီပတ်ဘလစ်ကန် အမတ် Young Kim က ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း လူ ၃.၆ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာ ဒုက္ခသည် ၁.၃ သန်း ရှိနေတယ်လို့ ပြောပါတယ်။

စစ်တပ်နဲ့ ဆက်စပ်နေတဲ့ ကျားဖျန့် စင်တာတွေ ပျံ့နှံ့နေတာ၊ ဖန်တာနိုင်း မူးယစ်ဆေးဝါး မှောင်ခိုကူးတာ၊ နိုင်ငံ မြေဧရိယာရဲ့ ၂၀% ခန့်ကိုသာ စစ်တပ်က ထိန်းချုပ်ထားနိုင်တာနဲ့ တရုတ် ရုရှားကို အားကိုးပြီး တရားဝင်မှု ရယူရန် ကြိုးပမ်းနေတာတွေ အပါအဝင် အဓိက ပြဿနာတွေ ကို Young Kim က ထောက်ပြခဲ့ပါတယ်။

ခုခံတော်လှန်ရေး တပ်ဖွဲ့တွေက စစ်တပ် ထက်ကို မြေဧရိယာ နှစ်ဆကို ထိန်းချုပ် ထားတာကြောင့် စစ်တပ်ဟာ တရားဝင်မှုအတွက် လှည့်စားတာကို ဖန်တီး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ကော်မတီဝင်တွေ က တရုတ်နဲ့ ရုရှားတို့ဟာ စစ်တပ်ကို လက်နက် နဲ့ စောင့်ကြည့်ရေး နည်းပညာတွေ ဆက်လက် ထောက်ပံ့ပေး နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စကမ် ကျားဖျန့် စင်တာတွေဟာ အမေရိကန်နိုင်ငံသားတွေ ဆီကနေ ဘီလီယံချီတဲ့ ဒေါ်လာတွေ ခိုးယူမှုတွေနဲ့ ဆက်စပ်နေကြောင်း ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက်မှာ စတင်မယ့် ရွေးကောက်ပွဲဟာ “အမည်ခံ ရွေးကောက်ပွဲ တွေဟာ လွတ်လပ်၊ တရားမျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲတွေ မဟုတ်ပါဘူး။ ဒါတွေဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားပြုတာ မဟုတ်သလို မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်များစွာ ကြာမြင့် နေပြီ ဖြစ်တဲ့ ပဋိပက္ခအတွက် ဒီမိုကရေစီဆီကို ဒါမှမဟုတ် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်ဆီကို ဦးတည်နေတာ မဟုတ်ပါဘူး” လို့ Stimson Center အကြီးတန်း သုတေသီ စတိဗ် ရော့စ်က ပြောကြားခဲ့ ပါတယ်။

“ပဋိပက္ခဟာ မြန်မာ နယ်နိမိတ်တွေကို ကျော်လွန်ပြီး ပဲ့တင်ထပ်နေသလို အင်ဒို-ပစိဖိတ်ဒေသရော၊ ပြည်တွင်းမှာပါ အမေရိကန်ရဲ့ လုံခြုံရေးနဲ့ ကြွယ်ဝ ချမ်းသာမှုကို ခြိမ်းခြောက်နေပါတယ်” လို့ လည်း သူက ပြောပါတယ်။

အမေရိကန်ရဲ့ ရေးယူဆောင်ရွက်တာတွေ မရှိဘူးဆိုရင် မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ အဖြစ်နဲ့ “နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ ထွက်ပေါ်ရာ အဓိက ဗဟို” အဖြစ် ဆက်လက် ကျဆင်းသွားလိမ့်မယ်လို့ ဥပဒေပြု အမတ်တွေ က သတိပေးလိုက်ပါတယ်။

ကြားနာပွဲအတွင်း ရွေးကောက်ခံအရာရှိတွေနဲ့ သက်သေတွေက ဗမာလူမျိုးတုံးသတ်ဖြတ်မှု တာဝန်ခံမှုနှင့် ကာကွယ်ရေးဥပဒေ (Burma Genocide Accountability and Protection Act) ကို အတည်ပြုဖို့ တိုက်တွန်းခဲ့ပါတယ်။

အတ္တလန္တိတ်ကောင်စီ အကြီးတန်း သုတေသီ ကယ်လီ ကာရီက မြေရှားသတ္တုဟာ မြန်မာနိုင်ငံကို ရန်သူတွေနဲ့ ပိုမိုနီးစပ်စေတဲ့ နောက်ထပ် အချက် တချက်ဖြစ်ပြီး အထူးသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ထောက်ပံ့ နေတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ကာရီက လက်နက်ထောက်ပံ့သူတွေ အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့၊ အာဆီယံ နဲ့ ပိုမိုတင်းကျပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့၊ ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေးကို ချဲ့ထွင်ဖို့နဲ့ စစ်တပ်ရဲ့ လာမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အကြံပြုခဲ့ပါတယ်။

ဒါ့အပြင်သူမက ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး “သုံးနှစ်ခွဲကြာခဲ့ပြီ ဖြစ်သော်လည်း အမေရိကန်က လူမျိုးတုံးသတ်ဖြတ်မှုကို ဖြေရှင်းဖို့ အတွက် ပြည့်စုံတဲ့ မဟာဗျူဟာ ဒါမှမဟုတ် မူဝါဒကို ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူး” လို့ပြောပါတယ်။

ref: UPI

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *