နိုင်ငံရေး

ဒိုင်းနက် လူမျိုး ၁၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့ AA ကို အဖွဲ့ ၁၂ ဖွဲ့ တောင်းဆို

မေလ ၃၀ – ၂၀၂၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ က သင်္ဘောလှ ကျေးရွာမှာ မေလ ၂၄ ရက်နေ့က အာရက္ခတပ်တော် AA ကနေ အမျိုးသား အမျိုးသမီး ၁၀၀ ကျော်ကို ဖမ်းဆီးသွားခဲ့ရာ၊ လူသားချင်း စာနာမှု အားဖြင့် အားလုံးကို ပြန်လွှတ်ပေးဖို့ ဒိုင်းနက် အဖွဲ့ ၁၂ ဖွဲ့က မေလ ၂၇ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဖြစ်စဥ်မှာ AA က မေလ ၂၃ ရက်နေ့မှာ စစ်မှုထမ်း စုစောင်းရာ ကနေ ဒေသခံတွေနဲ့ AA အကြား နားလည်မှု လွဲကာ AA က သေနတ်ဖေါက် ရိုက်နှက်နှိပ်စက် မှုတွေ ပြုလုပ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အပါအဝင် ရွာသား တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဲဒီနောက် AA ကနေ လူ ၁၀၀ ကျော်ကို ဖမ်းဆီး သွားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ သူတွေဟာ သက်ကြီးရွယ်အိုတွေ နဲ့ အိမ်ထောင်ဦးစီး တွေအပါအဝင် မိသားစုတွေကို လုပ်ကိုင်ကျွေးမွေးနေရတဲ့ သူတွေ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

အခုလို ဖမ်းဆီးသွားမှုတွေကြောင့် ကျန်ခဲ့သူတွေမှာ အခက်အခဲများ ရင်ဆိုင်နေရပြီး၊ သွားလာခွင့် ကန့်သတ်ခံရကာ ထိတ်လန့် တုန်လှုပ်နေကြရတယ်လို့ ဆိုပါတယ်။

ဒီအတွက် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ အထူးသဖြင့် စစ်မှုထမ်းဖို့ အသက်မပြည့်သေးသူတွေ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းသူတွေ၊ မိသားစု စားဝတ်နေရေး အတွက် လုပ်ကျွေးနေရတဲ့ အိမ်ထောင်ဦးစီးတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် အကြမ်းဖက် ကျူးလွန်သူတွေကို တာဝန်ခံစေဖို့ ပျက်စီးသွားတဲ့ ပစ္စည်းတွေကို ပြန်လျော်ပေးဖို့ လွတ်လပ်တဲ့ သတင်းမီးဒီယာတွေကို ပွင့်လင်းမြင်သာစွာ စုံစမ်းခွင့်ပေးဖို့ အပါအဝင် အချက် ၇ ချက်ကို တောင်းဆိုထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *