ဧပြီ ၂၁ – ၂၀၂၆
အာဆီယံ အလှည့်ကျ ဥက္ကဌ ဖိလစ်ပိုင်နိုင်ငံက မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တနင်္ဂနွေနေ့မှာ ထပ်မံ တိုက်တွန်း လိုက်ပါတယ်။
သမ္မတဟောင်း ဦးဝင်းမြင့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး လွှတ်ပေးလိုက်တဲ့ အပြင် အကျဉ်းသား ၄၅၁၄ ဦးကိုလည်း လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ဖော်ပြပြီးနောက်မှာ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနက တဆင့် အခုလို တောင်းဆို လိုက်တာပါ။
ဒီလုပ်ဆောင်ချက်ဟာ မြန်မာနိုင်ငံမှာ “ယုံကြည်မှုတည်ဆောက်ရေးနဲ့ အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတွေအတွက် ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးမယ့်” အပြုသဘောဆောင်တဲ့ ခြေလှမ်း ဖြစ်တယ်လို့ အသိအမှတ်ပြုပေမဲ့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲတွေ အပြည့်အဝ ရှေ့ဆက်နိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည် နဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေး ဖို့က အရေးကြီးတယ်လို့ ဖိလစ်ပိုင်က ထောက်ပြထားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး၊ အထူးသဖြင့် သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေး ချို့တဲ့သူတွေကို လွှတ်ပေးဖို့က အလွန်အရေးကြီးကြောင်း ဖိလစ်ပိုင်က ထပ်လောင်း တိုက်တွန်းပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ဒီလို လုပ်ဆောင်ချက်တွေဟာ အဓိပ္ပာယ်ရှိတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲတွေကို ရှေ့ဆက်နိုင်ဖို့နဲ့ မြန်မာနိုင်ငံမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝ အကောင်အထည် ဖော်ဖို့အတွက် အင်မတန် အရေးကြီးပါတယ်” လို့လည်း ထပ်လောင်း ပြောကြားထားပါတယ်။
မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူးမှာ “မြန်မာနိုင်ငံသားတွေ ကိုယ်ပိုင် ကိုယ်တိုင် ဦးဆောင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ် အောက်မှာ ငြိမ်းချမ်းပြီး အားလုံး ပါဝင်တဲ့ အမျိုးသား ဆွေးနွေးပွဲတွေဆီ ဦးတည်တဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ ဆက်ဆံမှုတွေနဲ့ စေတနာထားတဲ့ လုပ်ဆောင်ချက်တွေ” ထပ်မံ ပေါ်ပေါက် လာဖို့ မျှော်လင့်ကြောင်းလည်း ဖိလစ်ပိုင်က ထုတ်ဖော် ပြောကြားခဲ့ ပါတယ်။
—————————
THN Public Media
–
