နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ ကုလ တိုက်တွန်း

ဧပြီ ၁၈ – ၂၀၂၆

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Turk က မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မတရား ဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ Volker Turk က တိုက်တွန်းလိုက်ပြီး မြန်မာနိုင်ငံ အတွင်းက အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့လည်း တောင်းဆို လိုက်ပါတယ်။

သူက X လူမှုကွန်ရက်ပေါ်မှာ “နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာသိမ်းပြီးချိန် ကတည်းက မတရား ဖမ်းဆီးခံထားရသူအားလုံးကို ကန့်သတ်ချက်မရှိ အချိန်မဆိုင်းဘဲ ချက်ချင်းလွှတ်ပေးရမယ်” လို့ ရေးသားထားပါတယ်။

သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ ပေးလိုက်ပြီးတဲ့ နောက်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Turk က အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆို လိုက်တာပါ။

“မြန်မာပြည်သူ အားလုံးအပေါ် ဆက်လက်လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှု တွေကို အဆုံးသတ်ရမယ်” လို့လည်း သူက ဆိုပါတယ်။

ဦးဝင်းမြင့်နဲ့ တခြား အကျဉ်းသားတွေကို မတရားဖမ်းဆီးထားရာကနေ အတော်လေးနောက်ကျမှ လွှတ်ပေးလိုက် ပေမယ့် သက်သာရာ ရမိကြောင်း နဲ့ သေဒဏ်တွေကို လျှော့ပေါ့ပေးတဲ့ အပေါ်မှာလည်း သူက ဝမ်းမြောက်မိကြောင်း ပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ကလည်း မတရား ဖမ်းဆီးခံထားရသူ အားလုံးကို အမြန်ဆုံးလွှတ်ပေးနိုင်ဖို့ အဓိပ္ပာယ်ရှိတဲ့ ကြိုးပမ်းမှုတွေ လိုအပ်ကြောင်း နယူးယောက်မှာရှိတဲ့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက တဆင့် ပြောကြားလိုက်ပါတယ်။

“လက်တွေ့ကျတဲ့ နိုင်ငံရေးဖြေရှင်းမှု ရရှိဖို့ဆိုရင် အကြမ်းဖက်မှု တွေကို ချက်ချင်းရပ်တန့်ရမှာ ဖြစ်ပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေအတွက် စစ်မှန်တဲ့ ကတိကဝတ်ပြုဖို့ လိုအပ်တယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

“ဒါအတွက်ဆိုရင် မြန်မာပြည်သူတွေ သူတို့ရဲ့ နိုင်ငံရေး အခွင့်အရေး တွေကို လွတ်လပ်ပြီး ငြိမ်းချမ်းစွာ ကျင့်သုံးနိုင်မယ့် ပတ်ဝန်းကျင်မျိုး ရှိနေဖို့ လိုအပ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *