ဟားမတ်စ်အဖွဲ့က အစ္စရေးလ် ဓားစာခံတွေကို လွှတ်ပေးဖို့ စောင့်မျှော်နေကြတဲ့ တယ်လ်အဗိစ် (Tel Aviv) မြို့က လူထောင်ပေါင်းများစွာဟာ ထရမ့်ကို ချီးကျူး ဂုဏ်ပြုကြောင်း စုရုံးဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန် အထူးသံတမန် စတိဗ် ဝစ်တ်ကော့ဖ် (Steve Witkoff) ကလည်း လူထုပရိသတ်ကြီးကို မိန့်ခွန်းပြောကြားရာမှာ ဓားစာခံတွေ “အိမ်ပြန်လာတော့မယ်” လို့ ပြောကြားခဲ့ပြီး ဂါဇာ အပစ်အခတ် ရပ်စဲရေးနဲ့ ဓားစာခံ လဲလှယ်ရေး သဘောတူညီချက်ကို ဖြစ်မြောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ဒေါ်နယ်လ် ထရမ့် ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
လူအုပ်ကြီးထဲကနေ လူတွေက “ထရမ့်ကို ကျေးဇူးတင်ပါတယ်!” လို့ အော်ဟစ်ခဲ့ကြ ပေမယ့် ဝစ်တ်ကော့ဖ်က အစ္စရေးလ် ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု ကို ရည်ညွှန်း ပြောကြားတဲ့ အခါမှာ လူတွေက ဆူပူအော်ဟစ်ခဲ့ကြပါတယ်။
ကြာသပတေးနေ့က ကြေညာခဲ့သော အပစ်အခတ် ရပ်စဲရေးနဲ့ ဓားစာခံ လဲလှယ်ရေး သဘောတူညီချက် အရ၊ ဟားမတ်စ်အဖွဲ့ဟာ နှစ်နှစ်ကြာ ထိန်းသိမ်းထားတဲ့ ဓားစာခံ ၄၈ ဦး ( ၂၀ က အသက်ရှင်လျက်ရှိ) စလုံးကို ဒေသ စံတော်ချိန် တနင်္လာနေ့ မွန်းတည့် ၁၂ နာရီ အထိ နောက်ဆုံးထား လွှတ်ပေးဖို့ သတ်မှတ်ထားပါတယ်။
ဟားမတ်စ် ထိပ်တန်းအရာရှိ Osama Hamdan က “လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်အရ အကျဉ်းသား လဲလှယ်ရေးကို သဘောတူထားတဲ့အတိုင်း တနင်္လာနေ့ မနက်မှာ စတင်ဖို့ စီစဉ်ထားပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ အသစ် တိုးတက် ပြောင်းလဲတာ မရှိပါဘူး” လို့ပြောကြားထားပါတယ်။
သဘောတူညီချက်အရ ဂါဇာကနေ အစ္စရေးလ် တပ်ဖွဲ့တွေ ဆုတ်ခွာ သွားပြီးတဲ့ နောက် နှစ်ရက် အတွင်း လူပေါင်း ၅ သိန်းခန့်ဟာ ကြေမွပျက်စီးနေတဲ့ မြောက်ပိုင်း ဂါဇာကို ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်ကြောင်း ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။
ဟားမတ်စ်တို့က တိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာကို ပြန်လည်ခေါ်ယူ စုစည်းထားပါတယ်။
စစ်ပွဲပြီးဆုံးပါက ဂါဇာကို ဘယ်သူ အုပ်ချုပ်မလဲ ဆိုတဲ့ မရေရာမှုတွေနဲ့ ပြည်တွင်း ပဋိပက္ခ ဖြစ်မှာ စိုးရိမ်မှုတွေ မြင့်တက်လာချိန်၊ ဟားမတ်စ်ရဲ့ အခုလို တပ်ဖွဲ့ စုစည်းမှု ဖြစ်လာလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားခဲ့ကြတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီချက်ကို အပြီးသတ်နိုင်ဖို့ အီဂျစ်နိုင်ငံမှာ တနင်္လာနေ့ ကျင်းပမယ့် ထိပ်သီး အစည်းအဝေးကို အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် အပါအဝင် ခေါင်းဆောင် ၂၀ ကျော် တက်ရောက်မှာ ဖြစ်တယ်လို့ အီဂျစ်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ ယူကေ ဝန်ကြီးချုပ် ကီယာ စတာမာ တို့လည်း တက်ရောက်မှာ ဖြစ်ကြောင်း အတည်ပြုထားပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်တို့ကနေ အစ္စရေးလ် တောင်ပိုင်း ကို တိုက်ခိုက်မှုမှာ လူပေါင်း ၁၂၀၀ ခန့် သေဆုံးပြီး ၂၅၁ ဦး ပြန်ပေးဆွဲ ခံခဲ့ရပါတယ်၊
ဂါဇာရှိ ဟားမတ်စ်ဦးစီးတဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အဆိုအရ အစ္စရေးလ် တို့ရဲ့ စစ်ရေး ထိုးစစ်ကြောင့် ဂါဇာမှာ ပါလက်စတိုင်း ၆၇,၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။