ပြည်တွင်း သတင်း

နတ်မောက်မှာ မိသားစု ၆ ဦး ရေစီးနဲ့ မျောပါသေဆုံး၊ နှစ် ၆၀ အတွင်း ဆိုးရွားဆုံးရေကြီးမှုဖြစ်ပွား

စက်တင်ဘာ ၂၈ – ၂၀၂၅

မကွေးတိုင်းနတ်မောက်မြို့နယ်မှာ မိုးများပြီး ဆည်ကျိုးသွားတဲ့ အတွက် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှု ဖြစ်ပွားနေပြီး နေအိမ်ချို့ ရေစီးနဲ့ မျောပါကာ မိသားစုလိုက် ခြောက်ယောက်စလုံး သေဆုံးတဲ့အထိ ရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

နတ်မောက်မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် လေးအိမ်ရွာ ၊ မယ်ဇလီပင်ရွာ စတဲ့ နတ်မောက် ယင်းချောင်းတလျှောက်ရှိ အနိမ့်ပိုင်းနေရာတွေ အားလုံးမှာ ရေကြီးနေမြုပ်မှု ဖြစ်ပွားနေတာဖြစ်ပြီး မိသားစုလိုက် သေဆုံးမှုကတော့ မယ်ဇလီပင်ရွာမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မယ်ဇလီပင်ရွာနားမှာရှိတဲ့ အောင်ပန်းကျွန်းဆည်ကျိုးကျခဲ့တာကြောင့် ဆည်ရေတွေစီးဆင်းပြီး ဒီနေ့စ က်တင်ဘာ ၂၈ ရက်နေ့မနက်အစော ၂ နာရီကျော်လောက်မှာ မယ်ဇလီပင်ချောင်းဘေးရှိ နေအိမ်နှစ်လုံး ရေထဲမျောပါကာ မိသားစု ခြောက်ယောက်စလုံး ရေနစ်မြုပ် သေဆုံး ခဲ့ရတာ ဖြစ်တယ်လို့ မယ်ဇလီပင်ရွာမှ ဆရာတော် အရှင်ဂန္နမာက မိန့်ပါတယ်။

“ရေထဲ ပါသွားတာ ခုနှစ်ယောက်ကို ဒကာတယောက်က သစ်ကိုင်း ဆွဲထားတော့ အသက်ရှင်တယ်။ ကျန်တဲ့မိသားစု ခြောက်ယောက်လုံးက အသေ ပျောက်ပါဘဲ။ အခုရှာနေတာတွေ့ပြီလို့ပြောတယ်။ သေတဲ့အထဲ ကလေး တယောက်ပါတယ်။ ဆည်အလယ်ကနေကို ကျိုးကျတာလို့ သိရတယ်။ ခုလို မတွေ့ဘူးသေးဘူး။ တခါမှ မဖြစ်ဖူးဘူး။ ဆည်နဲ့ရွာက တမိုင် ကျော်ကျော်လောက်ပဲဝေးတယ်။” လို့ ဆရာတော်ကမိန့်ပါတယ်။

နတ်မောက်မြို့ပေါ်မှာဆိုရင်လည်း စျေးရပ်ကွက်နဲ့ အောင်ဆန်း ရပ်ကွက် တွေမှာ လူတရပ်နီးပါးအထိ ရေနစ်မြုပ်နေတာကြောင့် ဒေသလူမှု ကူညီရေး အသင်းတွေနဲ့ မီးသတ်တပ်ဖွဲ့ က အရေးပေါ် ကူညီရွှေ့ပြောင်း မှုတွေ လုပ်ပေးနေတယ်လို့သိရပါတယ်။

“ကျွန်တော့အသက် ၆၀ လောက်ရှိပြီ။ ဒီတကြိမ်ပဲ ခုလောက်ကြီးတာ ကြုံဘူးတယ်။ ဆည်ကျိုးတာကြောင့်ရော ၊ နတ်မောက်မြောက်ဘက် ခြောက်မိုင် အကွာမှာလေးအိမ်ဆိုတာ ရှိတယ်။ လေးအိမ်ချောင်းကလည်း ရေလျှံပြီး အိမ်တွေဆိုရင် ပျဉ်ထိအောင်ကို ရေတက်တာ။ မိုးများလို့ပေါ့။ လေးအိမ်ချောင်းရေလျှံတာပေါ့။ မြို့ပေါ်မှာက မယ်ဇလီပင်က ဖောက်လိုက်တဲ့ ဆည်ရေက မြောက်ဘက်ကျွဲမကျ ချောင်းကိုဆုံတယ်။ လေးအိမ်ချောင်း ကလည်း ကျွဲမကျချောင်းထဲဆုံတယ်။ ပြီးတော့ နတ်မောက်ယင်းထဲ ဆုံတာပေါ့။ ယင်းတလျှောက်စီးတာပေါ့။

နတ်မောက်တမံဆည်ထားတဲ့ချောင်းပေါ့။ မြို့ပေါ်က စျေးရပ်၊ အောင်ဆန်း ရပ်ကွက်၊ ကံကြီး၊ ရန်အောင်မြင် အဲဒီနေရာတွေက အနိမ့်ပိုင်း နေရာတွေဖြစ်တယ်။ ရေမြောင်းတွေတော့ ဖောက်ထားပေမယ့်လည်း မိုးကြီးချိန် ကျတော့ ရေလျှံတက်တာပေါ့။” လို့ နတ်မောက်မြို့ခံ ကဗျာဆရာကြီး ဦးမောင်ကြိုင်က ပြောပါတယ်။
နတ်မောက်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေတာဟာ ယနေ့အထိ ဆိုရင် လေးရက်မြောက်အထိရှိပြီဖြစ်ကြောင်း မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ဆည်ကျိုးကျပြီး ချောင်းရေတွေလျှံကာ ရေကြီးမှု ဖြစ်ပွား နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ရေကြီးရေလျှံမှုကြောင့် နတ်မောက်မြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ စပါးစိုက်ခင်း၊ ဝါ၊ နှမ်းကြီး၊ နေကြာ၊ ပဲနောက် စတဲ့နောက်ကျ စိုက်ပျိုးတဲ့ သီးနှံစိုက်ခင်းတွေ ထိခိုက်ပျက်စီးမှုရှိနေတယ်လို့သိရပါတယ်။
ဓာတ်ပုံ – အရှင်ဂန္နမာ /မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
Crd – VOM

Leave a Reply

Your email address will not be published. Required fields are marked *