နိုင်ငံတကာ

ပင်လယ်ကွေ့ဒေသ အမေရိကန်မဟာမိတ် နိုင်ငံတွေ အီရန်တိုက်ခိုက်မှုကို အပြင်းအထန် ခံနေရ

မတ်လ ၂ – ၂၀၂၆

အာရပ် ပင်လယ်ကွေ့ဒေသက အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေဟာ အီရန်ရဲ့ တိုက်ခိုက်မှုဒဏ်ကို အပြင်းအထန် ခံစားနေရပါတယ်။

UAE နိုင်ငံ အဘူဒါဘီမြို့ရဲ့ အပြာရောင် ကောင်းကင်ယံမှာ အဖြူရောင် အခိုးအငွေ့တန်း တွေဟာ သဲရောင်ခြယ် ဗီလာ အိမ်တွေနဲ့ ရေပန်း ဥယျာဉ်တွေရဲ့ အပေါ်မှာ ရွေ့လျား ဖြစ်ပေါ်နေပါတယ်။

ဒီအရာတွေဟာ ခရီးသွားတွေနဲ့ အလုပ်သမားတွေကို တင်ဆောင်လာတဲ့ လေယာဉ်တွေ မဟုတ်ဘဲ ပင်လယ်ကွေ့ တဖက်ကမ်းက အိမ်နီးချင်း အီရန်နိုင်ငံက ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ မွန်းလွဲပိုင်း အထိ UAE ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အီရန်က ပစ်လွှတ် လိုက်တဲ့ ပဲ့ထိန်းဒုံးကျည် ၁၆၅ စင်း၊ ခရုစ်ဒုံးကျည် ၂ စင်းနဲ့ ဒရုန်း ၅၄၁ စင်းကို ကြားဖြတ် ဟန့်တား ကိုင်တွယ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဘာရိန်းနိုင်ငံမှာလည်း လေဆိပ်တိုက်ခိုက်ခံရတာကြောင့် ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးတွေနဲ့ အချက်ပေး ဥဩဆွဲသံတွေနဲ့ အတူ အနည်းဆုံး ပေါက်ကွဲသံ အကြိမ် ၂၀ လောက် ကြားခဲ့ရကာ အဆောက်အဦး နှစ်ခုထက်မနည်း ထိမှန်သွားတယ်လို့ လေဆိပ်မှာ ပိတ်မိနေတဲ့ ခရီးသည်တဦးက ပြောပါတယ်။

ဒါတွေဟာ ဒီဒေသမှာ မြင်နေကျ မြင်ကွင်းတွေ မဟုတ်ပေမဲ့ စနေနေ့မနက် စစ်ပွဲ စတင်ကတည်းက အီရန်ဟာ ဘာရိန်းက အမေရိကန် ပဥ္စမ ရေတပ်စု ဌာနချုပ်လို စစ်ရေးပစ်မှတ်တွေ တင်မကဘဲ လေဆိပ်တွေနဲ့ တခြား အရပ်သား ပစ်မှတ်တွေကိုပါ တိုးချဲ့ တိုက်ခိုက် လာတာကို တွေ့ရပါတယ်။

အခု အခါမှာတော့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေရဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်တွေမှာ ဟာကွက်တွေ ရှိလာတာနဲ့ အမျှ ဇိမ်ခံ ဟိုတယ်တွေ၊ ဈေးဝယ် စင်တာတွေ၊ အထပ်မြင့် တိုက်ခန်း တွေနဲ့ အဆင့်မြင့် လေဆိပ်တွေဟာ ဟိုတစ ဒီတစ ထိမှန်နေပါတယ်။

ဒီနေရာတွေကို တည်ဆောက်ခဲ့စဉ်က တနေ့မှာ ဒရုန်းတွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေရဲ့ တိုက်ခိုက်ခြင်းကို ခံရလိမ့်မယ်လို့ ဘယ်သူမှ ထည့်သွင်း စဉ်းစားခဲ့ကြတာ မဟုတ်ပါ။

အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Aragchi ကတော့ အိမ်နီးချင်း နိုင်ငံတွေကို ပစ်မှတ်ထားတာ မဟုတ်ဘူး လို့ ငြင်းဆိုခဲ့ပြီး မိမိတို့ဟာ အိမ်နီးချင်းတွေကို တိုက်ခိုက်နေတာ မဟုတ်ဘဲ အဲဒီ နိုင်ငံတွေမှာ ရှိတဲ့ အမေရိကန်ရဲ့ အင်အားစုတွေကိုသာ ပစ်မှတ် ထားတာ ဖြစ်ကြောင်း Al Jazeera ကို ပြောခဲ့ ပါတယ်။

ပင်လယ်ကွေ့နိုင်ငံတွေမှာ အရပ်သား အခြေခံ အဆောက်အအုံတွေ ပျက်စီးရတာဟာ ကြားဖြတ် ဟန့်တား လိုက်တဲ့ ဒုံးကျည် အပျက်အစီးတွေ ကျလာတာကြောင့် တချို့ ရှိနိုင်ပါတယ်။

ဒါပေမဲ့ ဘာရိန်းနဲ့ ယူအေအီးက လေဆိပ်တွေ မှာ ပေါက်ကွဲတဲ့ အကြိမ်အရေ အတွက်ဟာ အဲဒီလို ဒုံးကျည် အပျက်တွေ ကျလာတာကြောင့် တော့ မဟုတ်နိုင်ပါ။

အီရန်ဟာ သူတိုက်ခိုက်ခံရရင် ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက် တယ်လို့ ယူဆရတဲ့ ဘယ်နိုင်ငံကို မဆို လက်စားချေမယ်လို့ ကြိုတင်ပြီး ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်ပါတယ်။

ပင်လယ်ကွေ့နိုင်ငံတွေဟာ သူတို့အနေနဲ့ အမေရိကန်-အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ မပါဝင်ဘူး ဆိုတာကို အီရန်ကို သိစေဖို့ အတော်လေး ကြိုးစားခဲ့ကြပါတယ်။

ဒါပေမဲ့ အခြေခံအား ဖြင့်တော့ ဝါရှင်တန်နဲ့ ကာလရှည်ကြာ စစ်ရေး မဟာမိတ် ဖြစ်နေကြတာ ကြောင့် အခုလို အပြစ်ပေး ခံနေရတာ ဖြစ်ပါတယ်။

အစ္စလာမ္မစ် တော်လှန်ရေး မတိုင်ခင် ရှားဘုရင်လက်ထက်မှာ အီရန်ဟာ ပင်လယ်ကွေ့ရဲ့ ရဲမင်းကြီး လို့ လူသိများခဲ့ ပါတယ်။

တော်လှန်ရေးပြီး ကတည်းက အီရန်ဟာ အဲဒီအခန်း ကဏ္ဍကို ပြန်လည်ရယူပြီး ပင်လယ်ကွေ့ရဲ့ လုံခြုံရေးကို တာဝန်ယူဖို့ အိမ်နီးချင်းတွေကို အမြဲတမ်း ဆွဲဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။

အီရန်ခေါင်းဆောင်တွေဟာ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေ အနေနဲ့ အမေရိကန် ရေတပ်ကို နှင်ထုတ်ပြီး အီရန်ကို သူတို့ရဲ့ အစောင့်အရှောက် အဖြစ် လက်ခံဖို့ ကြိုးပမ်းမှုတွေ လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ ပါ။

ဒါပေမဲ့ အာရပ်စော်ဘွားတွေ အတွက်တော့ အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေး စိတ်ဓာတ်ဟာ ရွံရှာစရာ ဖြစ်တာကြောင့် အခု လုပ်ရပ်ဟာ အလွန်အကျွံ စည်းကျော်မှု တခု ဖြစ်လာခဲ့ပါတယ်။

လက်ရှိ အီရန်ခေါင်းဆောင် ပိုင်းသာ ဒီစစ်ပွဲ ကနေ အသက်ရှင် ကျန်ရစ်မယ်ဆိုရင် သူတို့နဲ့ ပုံမှန် ဆက်ဆံရေး ပြန်ရဖို့ဆိုတာ မဖြစ်နိုင်တော့ သလောက်ပါပဲ။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ စစ်အင်အားစုတွေကို လက်ခံထားတဲ့ ဆော်ဒီအာရေးဗီးယားနဲ့ အိုမန်နိုင်ငံတို့ ကတော့ ကျန်တဲ့ ပင်လယ်ကွေ့ ၄ နိုင်ငံ ထက်စာရင် ထိခိုက်မှု ပိုနည်းခဲ့ပါတယ်။

အီရန်နဲ့ ဆက်ဆံရေး ကောင်းမွန်ပြီး နျူကလီးယား ဆွေးနွေးပွဲတွေမှာ ကြားဝင် စေ့စပ်ပေးနေတဲ့ အိုမန် နိုင်ငံဟာ အာရပ် ပင်လယ်ကမ်းရိုးတန်းက Duqm ကုန်သွယ်ရေး ဆိပ်ကမ်းမှာ ဒရုန်းနဲ့ တိုက်ခိုက် ခံခဲ့ရပါတယ်။

ဆော်ဒီမြို့တော် ရီယာ့ဒ်ဟာလည်း စနေနေ့က ပစ်မှတ်ထား ခံခဲ့ရတာကြောင့် ဆော်ဒီ အစိုးရက ပြင်းထန်စွာ ရှုတ်ချတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရီယာ့ဒ်ဒေသနဲ့ အရှေ့ပိုင်း ပြည်နယ်တွေကို ပစ်မှတ်ထားတဲ့ အီရန်ရဲ့ သူရဲဘောကြောင်တဲ့ တိုက်ခိုက်မှု တွေကို အပြင်းထန်ဆုံး ရှုတ်ချကြောင်းနဲ့ ဒီတိုက်ခိုက်မှုတွေဟာ ဘယ်လို အကြောင်း ပြချက်နဲ့မှ လက်ခံနိုင်စရာ မရှိဘူးလို့ ဆော်ဒီအာရေးဗီးယား က ဆိုပါတယ်။

ဒါဟာ အီရန်က သူ့ရဲ့ အိမ်နီးချင်း အာရပ်နိုင်ငံတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ ဖြစ်စေ ပထမဆုံး အကြိမ် တိုက်ခိုက်တာ မဟုတ်ပေမဲ့ အခုလို အကြီးအကျယ် တိုက်ခိုက်တာမျိုးတော့ မရှိခဲ့ဖူးပါ။

၂၀၁၉ ခုနှစ်မှာ အီရန်ကျောထောက်နောက်ခံပြု အီရတ် လက်နက်ကိုင်တွေက ဆော်ဒီ Aramco ရဲ့ ရေနံဓာတု စက်ရုံတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် နေ့စဉ် ရေနံတင်ပို့မှု ထက်ဝက်နီးပါး ခေတ္တ ရပ်ဆိုင်းသွားခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာလည်း အီရန်က ကာတာက al-Udaid လေတပ်စခန်းကို ပဲ့ထိန်း ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ ပေမဲ့ ဒါဟာ အမေရိကန်ရဲ့ စစ်ဆင်ရေးကို တုံ့ပြန်တဲ့ အနေနဲ့ ပြသရုံ သက်သက်သာ ဖြစ်ခဲ့ပြီး တီဟီရန်ဘက်က ကြိုတင် သတိပေးချက်တွေ ပေးခဲ့ပါတယ်။

ဒါပေမဲ့ အခု ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေ ကြုံတွေ့ နေရတဲ့ အခြေအနေ ကတော့ အရင်က ဖြစ်ရပ်တွေထက် အဆပေါင်း များစွာ ပိုမိုဆိုးရွားနေပါတယ်။

#ဒီစစ်ပွဲဟာ ဘယ်လိုအဆုံးသတ်မလဲ

——————-

သမ္မတ ထရမ့်၊ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်း အစိုးရတွေ အတွက်ရော၊ အီရန်ပြည်သူတွေ အတွက်ပါ အကောင်းဆုံး ရလဒ် ကတော့ အီရန်အစိုးရ အမြန် ပြုတ်ကျသွားပြီး ဒီမိုကရေစီ ဆီ ကူးပြောင်းကာ ကမ္ဘာနဲ့ ပုံမှန် ဆက်ဆံရေး ပြန်ရဖို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီလိုဖြစ်လာဖို့ ကတော့ မသေချာသေးပါဘူး။ အခုအခါမှာ အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ဘက် က ဒရုန်းတွေနဲ့ ဒုံးကျည်တွေ မပစ်လွှတ်နိုင်ခင်မှာပဲ အဲဒီ လက်နက်တွေကို ဖျက်ဆီးဖို့ ကြိုးစားနေကြပါတယ်။

အီရန်တော်လှန်ရေး အစောင့်တပ် IRGC အတွက်ကတော့ အမေရိကန် စစ်သင်္ဘောလို အဓိက ပစ်မှတ်ကို အပြင်းအထန် တိုက်ခိုက်မလား ဒါမှမဟုတ် သမ္မတ ထရမ့် ခံနိုင်ရည်မရှိအောင် ခံစစ်နဲ့ ကြာရှည် ခုခံမလား ဆိုတာ ဝေခွဲမရဖြစ်နေပါတယ်။

အီရန်ဘက်မှာ ဒုံးကျည်နဲ့ ဒရုန်းအရေအတွက် အကန့်အသတ်ရှိသလို ရန်သူတွေဘက်မှာလည်း လေကြောင်း ကာကွယ်ရေးစနစ် အရေအတွက် အကန့်အသတ်ရှိနေတာကို အီရန်က သိနေပါတယ်။

တကယ်လို့ အီရန်ရဲ့ လက်နက်တွေ မကုန်ခင်မှာ ရန်သူတွေရဲ့ ကာကွယ်ရေး စနစ်တွေ ကုန်သွားခဲ့ရင် ပင်လယ်ကွေ့က ပြည်သူတွေရဲ့ ဘဝဟာ ပိုပြီး စိုးရိမ်စရာ ကောင်းလာမှာ ဖြစ်ပါတယ်။

အင်အားချင်း ယှဉ်မယ် ဆိုရင်တော့ အမေရိကန်နဲ့ အစ္စရေးတို့က နည်းပညာနဲ့ စစ်အင်အားအရ ကမ္ဘာမှာ အတိုးတက်ဆုံး ဖြစ်တာကြောင့် အပြတ်အသတ် သာလွန်နေပါတယ်။

ဒီဒေသမှာ အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘော အုပ်စု နှစ်ခုရှိပြီး တိုက်လေယာဉ်ပေါင်း ၂၀၀ ကျော် ရှိနေချိန်မှာ နှစ်ပေါင်းများစွာ ပိတ်ဆို့ အရေးယူခံထားရတဲ့ အီရန်မှာတော့ ပြောပလောက်တဲ့ လေတပ် အင်အား မရှိပါဘူး။

အစ္စရေးနဲ့ အမေရိကန်တို့ဟာ ဝေဟင် စိုးမိုးမှုကို အပြည့်အဝ ရရှိထားပါတယ်။

ဒါပေမဲ့ တီဟီရန် ဘက်မှာလည်း အားသာချက် တချို့ ရှိနေပါသေးတယ်။

အီရန်အစိုးရဟာ ပြည်သူတွေကြားမှာ လူကြိုက်နည်းပြီး အားနည်းနေပေမဲ့ သူတို့သာ အသက်ရှင် ကျန်ရစ်ခဲ့ရင် ဒီစစ်ပွဲမှာ ကာလရှည် အောင်နိုင်သူအဖြစ် မိမိကိုယ်ကို ကြေညာမှာ ဖြစ်ပါတယ်။

အစ္စလာမ္မစ် သမ္မတနိုင်ငံဟာ အာဇာနည်အဖြစ် အသက်ပေးတာကို အလေးထားတာကြောင့် အမေရိကန် ထက်စာရင် ပိုပြီး ခံနိုင်ရည်ရှိပြီး စစ်ပွဲကြာလာ လေလေ သမ္မတ ထရမ့် အနေနဲ့ စစ်ပွဲကနေ ထွက်ပေါက်ရှာဖို့ ပိုပြီး ကြိုးစားလာလေလေ ဖြစ်မှာပါ။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *