နိုင်ငံတကာ

ပါကစ္စတန်မှာ ရထား ဗုံးပေါက်ကွဲ အနည်းဆုံး လူ ၂၀ သေဆုံး

TOPSHOT – A Pakistani soldier aims his weapon from atop a carriage as security officials inspect derailed train carriages after an explosion targeted a train in Quetta on May 24, 2026. (Photo by Banaras KHAN / AFP via Getty Images

မေလ ၂၄ – ၂၀၂၆

ပါကစ္စတန်နိုင်ငံမှာ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေကို တင်ဆောင်လာတဲ့ ရထားတစီးကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်ခဲ့ တာကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးပြီး နောက်ထပ် ၇၀ ဦး ဒဏ်ရာ ရရှိသွားပါတယ်။

ဒီပေါက်ကွဲမှုဟာ တနင်္ဂနွေနေ့ မနက်ပိုင်းက ပါကစ္စတန် အနောက်ပိုင်း ဘာလိုချီစတန် ဒေသရဲ့ မြို့တော် ကွယ်တာ မှာရှိတဲ့ Chaman Phatak ဘူတာကို ရထားဖြတ်မောင်းနေစဥ် ဖြစ်ပွားခဲ့တာပါ။

ရထားတွဲ ၃ တွဲနဲ့ စက်ခေါင်းတို့ လမ်းချော်ခဲ့ပြီး အခြားတွဲ ၂ တွဲ ကတော့ တိမ်းမှောက် သွားခဲ့တယ်လို့ ရထားလမ်း တာဝန်ရှိသူတွေက ပြောပါ တယ်။

ဒီအထူးရထားဟာ Eid ပွဲတော် အတွက် အိမ်ပြန်ကြမယ့် စစ်ဘက် ဝန်ထမ်း တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ကို အဓိက တင်ဆောင် လာတာ ဖြစ်ပါတယ်။

ခွဲထွက်ရေး လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ဘာလိုချီစတန် လွတ်မြောက်ရေး တပ်မတော် BLA က ဒါဟာ သူတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန် ထားပြီး အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ ပါကစ္စတန် တာဝန်ရှိသူတွေ ဘက်ကတော့ ဒါကို အတည်မပြုသေး ပါ။

အခင်းဖြစ်ပွားရာ နေရာက ပုံတွေထဲမှာတော့ မီးလောင်ပျက်စီးပြီး လိမ်ကောက် နေတဲ့ ရထားတွဲတွေ၊ ဗုံးဒဏ်ကြောင့် ပျက်စီး သွားတဲ့ အနီးနားက ကားတွေနဲ့ အဆောက်အအုံ တခုကို တွေ့ရပါတယ်။

“ဗုံးပေါက်ကွဲတဲ့ အချိန်မှာ ရထားက မောင်းနေတုန်း ရှိသေးသလို အထဲမှာ လည်း ခရီးသည်တွေ အပြည့်ပဲ” လို့ ဒေသခံတဦး က ပြောပြပါတယ်။

မျက်မြင်သက်သေတွေရဲ့ အဆို အရတော့ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင် လာတဲ့ မော်တော်ယာဉ် တစီးက ရထားထဲကို အတင်း မောင်းဝင် တိုက်ခဲ့တာကြောင့် အခုလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဘာလိုချီစတန်က ရဲအရာရှိ တဦးနဲ့ အရပ်ဘက် အုပ်ချုပ်ရေး အရာရှိ တဦးတို့က လူ ၂၀ သေဆုံးသွားပြီ ဖြစ်ကြောင်း အတည်ပြုပေးထားပြီး သေဆုံးသူ အရေအတွက် ဒီထက်မက ထပ်တိုးလာမှာ ကိုလည်း စိုးရိမ် နေကြပါတယ်။

သေဆုံးသူတွေ ထဲမှာ စစ်သား ၃ ဦး ပါဝင်တယ်လို့လည်း တာဝန်ရှိသူ တွေက ပြောပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif ကတော့ ဒီတိုက်ခိုက်မှုကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး “ဒီလို သူရဲဘောကြောင်တဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ ပါကစ္စတန် ပြည်သူတွေရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှု ကို အားနည်းသွားအောင် လုပ်နိုင်မှာမဟုတ်ဘူး” လို့ ပြောကြားခဲ့ပါတယ်။

“တနိုင်ငံလုံးက ပြည်သူတွေဟာ ဘာလိုချီစတန်က ပြည်သူတွေနဲ့ အတူ သွေးစည်းစွာ ရပ်တည်နေပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။

#BLA အဖွဲ့အနေနဲ့ ဘာလိုချီစတန်မှာ ရထားတွေကို ပစ်မှတ်ထား တိုက်ခိုက် တာဟာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ် အတွင်းမှာတင် Jaffar Express အမြန်ရတား ဟာ ဒီလက်နက်ကိုင် အဖွဲ့ရဲ့ တိုက်ခိုက်မှုကို အကြိမ်ကြိမ် ခံခဲ့ရဖူးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လတုန်း ကလည်း ပက်ရှဝါမြို့ကို ဦးတည် မောင်းနှင် နေတဲ့ ရထားတစီးကို လက်နက်ကိုင်တွေက ပြန်ပေး ဆွဲပြီး ခရီးသည် အများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ဖူး ပါသေးတယ်။

BLA အဖွဲ့က နိုင်ငံရဲ့ အကြီးဆုံး သူတို့ ပြည်နယ်ရဲ့ သဘာဝတွင်းထွက် သယံဇာတတွေကို ဒေသခံပြည်သူတွေ အကျိုးအမြတ် မရဘဲ ပါကစ္စတန် ဖက်ဒရယ်အစိုးရက ခေါင်းပုံဖြတ် အမြတ်ထုတ်နေတယ် ဆိုပြီး စွပ်စွဲ ထားတာပါ။

ဘာလိုချီစတန်ပြည်နယ်ဟာ ပါကစ္စတန်နိုင်ငံ ဧရိယာရဲ့ ၄၄ ရာခိုင်နှုန်း နီးပါး အထိ ကျယ်ဝန်းပြီး အီရန်၊ အာဖဂန်နစ္စတန် နိုင်ငံတို့နဲ့ နယ်စပ်ချင်း ထိစပ် နေသလို အာရေဗျပင်လယ် ကမ်းရိုးတန်းရဲ့ အစိတ်အပိုင်း တချို့လည်း ပါဝင်ပါတယ်။

နိုင်ငံရဲ့ စုစုပေါင်း လူဦးရေ သန်း ၂၄၀ ကျော်ထဲက ၅ ရာခိုင်နှုန်းခန့်ဟာ ဒီပြည်နယ်မှာ နေထိုင်ကြတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစောပိုင်းတုန်းကလည်း ကွယ်တာမြို့ အပါအဝင် တဒေသလုံးမှာ BLA တိုက်ခိုက်ရေး သမားတွေနဲ့ ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့တွေကြား အကြမ်းဖက်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့လို့ အရပ်သား ၃၁ ဦး သေဆုံးခဲ့ဖူးပါတယ်။

ref: bbc

photo: getty

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *