နိုင်ငံတကာ နိုင်ငံရေး

ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းဟာ “အကြမ်းဖက်ဝါဒကို ဆုလာဘ်ကြီးပေးတာ” ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ပြောကြား

စက်တင်ဘာ ၂၂ – ၂၀၂၅

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုခြင်းဟာ “အကြမ်းဖက်ဝါဒကို ကြီးမားသော ဆုလာဘ်ပေးခြင်း” ဖြစ်တယ်လို့ မနေ့က ပြောကြားလိုက် ပါတယ်။
ဆိုရှယ် လူမှုကွန်ရက်မှာ တင်ခဲ့သော ဗီဒီယိုတခုမှာ ဘင်ဂျမင် နေတန်ယာဟု က ပါလက်စတိုင်း နိုင်ငံ “ဖြစ်လာမှာမဟုတ်ဘူး” လို့လည်း ပြောကြားခဲ့ပါတယ်။

“ဂျော်ဒန်မြစ်ရဲ့ အနောက်ဘက်မှာ ပါလက်စတိုင်းနိုင်ငံ ထူထောင်လို့ရမှာ မဟုတ်ဘူး” လို့ သူက ပြောကြားခဲ့ပြီး၊ အစ္စရေးတို့ဟာ West Bank ရှိ ဂျူးအခြေချ နေထိုင်မှုတွေကို နှစ်ဆတိုးခဲ့ပြီး “ဒီလမ်းကြောင်း အတိုင်း ဆက်လက်သွားနေမယ်” လို့လည်း ဆိုပါတယ်။

နေတန်ယာဟုက အစ္စရေးဒေသမှာ သူ့အဆို “အကြမ်းဖက်နိုင်ငံကို အတင်းအကျပ် သွတ်သွင်းရန် ကြိုးပမ်းမှု” အပေါ် တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
ဗြိတိန်၊ ကနေဒါနဲ့ သြစတြေးလျတို့က ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင် အသိအမှတ် ပြုလိုက်ပြီ ဖြစ်ပြီး ပေါ်တူဂီ နဲ့ ပြင်သစ်တို့ ကလည်း အသိအမှတ်ပြုဖို့ ရှိပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပါလက်စတိုင်း နိုင်ငံကို အသိအမှတ်ပြုဖို့ နောက်ထပ်နိုင်ငံတွေ ထပ်မံ ပါဝင်လာ ဖို့ ရှိနေပါတယ်။

ပါလက်စတိုင်းသမ္မတ မာမွတ် အက်ဘတ်စ် က ပြင်သစ်နဲ့ ဆော်ဒီအာရေဗျတို့ နယူးယောက်မှာ ဦးစီးကျင်းပမယ် ‘’နှစ်နိုင်ငံ အဖြေရှာခြင်း’’ အစည်းအဝေးကို တက်ရောက် မိန့်ခွန်းပြောကြားဖို့ ရှိပေမယ့် အမေရိကန်က သူ့ကို ဗီဇာငြင်းပယ်ခဲ့တာကြောင့် ဗီဒီယို နဲ့သာ ပြောကြားမှာ ဖြစ်ပါတယ်။

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *