ဒီဇင်ဘာ ၂၅ – ၂၀၂၅ (ခရစ္စမတ်နေ့)
ဒီကနေ့ ခရစ္စမတ်နေ့မှာ ပုပ်ရဟန်းမင်းကြီး လီယို က ပထမဆုံး ခရစ္စမတ် မိန့်ခွန်းကို ဗာတီကန်စီးတီးက စိန့်ပီတာရင်ပြင်မှာ ဟောကြားခဲ့ရာမှာ ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့ အကြား (၄) နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ရေး နှစ်ဘက်ခေါင်းဆောင်တွေ အနေနဲ့ “သတ္တိရှိရှိ” တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးကြဖို့ တောင်းဆိုလိုက်ပါတယ်။
“လက်နက်သံများ ငြိမ်သက်ပါစေ၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကူညီ ပံ့ပိုးမှုဖြင့် သက်ဆိုင်သူများ အားလုံး စိတ်ရင်းမှန်သော၊ တိုက်ရိုက် ဖြစ်သော ဆွေးနွေးမှုများကို လုပ်ဆောင်နိုင်ရန် သတ္တိရှာဖွေကြပါ” လို့ မိန့်ကြားခဲ့ ပါတယ်။
အခုလို ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ကြားချက်ဟာ အမေရိကန် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ် နေချိန်နဲ့လည်း တိုက်ဆိုင် နေပါတယ်။
ဒါ့အပြင် ဂါဇာဒေသမှာ အအေးဒဏ်နဲ့ မိုးဒဏ်ကို ကြုံတွေ့ နေရတဲ့ ပါလက်စတိုင်း ပြည်သူတွေကို မေ့မထားဖို့ မိန့်ကြားသွားပါတယ်။
အောက်တိုဘာ လကတည်းက ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး ရရှိထား ပေမယ့်လည်း လူပေါင်း ၂ သန်းကျော်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်နေရဆဲဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီတွေ လုံလုံလောက်လောက် မရရှိသေးတဲ့ အပေါ် ပုပ်ရဟန်းမင်းကြီးက များစွာ စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးက ကမ္ဘာတဝန်း စစ်ပွဲတွေကြောင့် ဖြစ်ပေါ်လာရတဲ့ “အပျက်အစီးတွေနဲ့ ကုစားမရနိုင်တဲ့ ဒဏ်ရာတွေ” နဲ့ ပတ်သက်ပြီး ရှုတ်ချခဲ့ကာ စစ်ပွဲ အတွင်း အတင်းအကျပ် လက်နက်စွဲကိုင် ခိုင်းစေခံရတဲ့ လူငယ်တွေ အတွက်လည်း ဆုတောင်းပေးခဲ့ပါတယ်။
မိန့်ခွန်းထဲမှာ ကမ္ဘာတဝန်း အိုးမဲ့အိမ်မဲ့ ဖြစ်နေသူတွေ အားလုံး အတွက် လည်း အထူးမေတ္တာ ပို့သခဲ့ပါတယ်။
—————————
THN Public Media
