မတ်လ ၂၀ – ၂၀၂၆
ပြည်ခိုင်ဖြိုးပါတီ ကသာ နေရာအများစု အနိုင်ရရှိခဲ့တဲ့ စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲ အပြီး လွှတ်တော်တွေ ခေါ်ယူနေရာမှာ ဒီကနေ့မှာတော့ အမျိုးသား နဲ့ ပြည်သူ့ လွှတ်တော် ၂ ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်ကို စတင်ခေါ်ယူခဲ့ပါတယ်။
တတိယအကြိမ် ပထမပုံမှန် အစည်းအဝေး ဖြစ်တဲ့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ အမျိုးသားလွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်လင်းဒွေးက နာယက အဖြစ်ဆောင်ရွက်ခဲ့ပြီး ပြည်ခိုင်ဖြိုး အများစု နဲ့ စစ်တပ် ကိုယ်စားတွေကသာ ပြည်ထောင်စုလွှတ်တော်ကို လွှမ်းမိုး ထားတာ ဖြစ်ပါတယ်။
ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော် နာယက ဦးအောင်လင်းဒွေးက သမ္မတရွေးချယ်မှုတွေကို လာမယ့် မတ်လ ၃၀ အစည်း အဝေး မှာ စတင်မယ်လို့ ကြေညာသွားကာ ဒုတိယနေ့ အစည်းအဝေး ကျင်းပမယ်နေ့ကို ကြိုတင်ကြေညာပေးမယ်လို့ ပြောကြားပြီး ရုပ်သိမ်းလိုက်ပါတယ်။
တော်လှန်ရေး အင်အားစုတွေကတော့ စစ်တပ်ကျင်းပခဲ့တဲ့ ရွေးကောက်နဲ့ အခုလို လွှတ်တော် ခေါ်နေတာတွေဟာ အတုအယောင်သာ ဖြစ်ပြီး တရားမဝင်ကြောင်း ဆန့်ကျင် ကန့်ကွက်နေကြပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကလည်း မတ်လ ၁၆ ရက်နေ့က zoom ပလက်ဖေါင်းနဲ့ ပြည်ထောင်စုလွှတ်တော် ခေါ်ယူခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲက အနိုင်ရ ကိုယ်စားလှယ်တွေဟာ ပြည်သူတွေရဲ့ ဆင့်ကဲ တာဝန်ပေးထားချက် အရ တရားဝင်မှု ဆက်ရှိနေသေးကြောင်းနဲ့ မြန်မာနိုင်ငံ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးအတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
—————————
THN Public Media
