နိုင်ငံရေး

ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ် အစည်းအဝေးကျင်းပ၊ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF က ခူဦးရယ် တက်ရောက်

ဇွန် ၁ – ၂၀၂၆

ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ် အစည်းအဝေးကို ဒီကနေ့ မနက် ၁၀ နာရီမှာ အွန်လိုင်းကနေ အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ကြောင်း CRPH က သတင်းထုတ်ပြန်ထားပါတယ်။

အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၈၄) ဦး တက်ရောက်တဲ့ အတွက် အစည်းအဝေး တက်ရောက်ခွင့်ရှိသူ ၆၅.၂၅ ရာခိုင်နှုန်း တက်ရောက်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့် နဲ့ NUG ယာယီသမ္မတ ဒူဝါလရှီးလတို့က မိန့်ခွန်းပြောကြားခဲ့ပြီး၊ ဖက်ဒရယ် ဦးဆောင်ကောင်စီ SCEF က အလှည့်ကျ သဘာပတိ ခူဦးရယ်တို့က အမှတ်တရ စကားတွေ ပြောကြားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံး က “အကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့ မတရားဖမ်းဆီးခြင်းခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး အတွက် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက် ကြိုးပမ်း ဆောင်ရွက်ပေးရန် နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသို့ တိုက်တွန်းကြောင်း” အဆိုကို လက်ခံဆွေးနွေးပြီး အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုအပေါ် လေယာဉ်ဆီတင်ပို့မှု ရပ်စဲပြီး အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပေးဖို့ နိုင်ငံတကာ အသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆိုအပါအဝင် နောက်ထပ် အဆိုတခု ကိုလည်း တင်သွင်း ဆွေးနွေး အတည်ပြုခဲ့ပါတယ်။

အစီအစဉ်နောက်ဆုံးမှာ ပြည်ထောင်စုလွှတ်တော်ကို ပေးပို့လာတဲ့ သဝဏ်လွှာ (၂၉) စောင်ကို မှတ်တမ်းတင်ပြီးနောက် ပြည်ထောင်စုလွှတ်တော် နာယက က နိဂုံးချုပ် စကားပြောကြားကာ ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ် အစည်းအဝေးကို နေ့လယ် ၂ နာရီ ၁၀ မိနစ်မှာ ရပ်နားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *