THN Public Media Blog သတင်း နိုင်ငံရေး ပြည်သူ့ပါတီရဲ့ ရန်ကုန်တိုင်း ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်
နိုင်ငံရေး

ပြည်သူ့ပါတီရဲ့ ရန်ကုန်တိုင်း ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်

ဒီဇင်ဘာ ၂၂ – ၂၀၂၅

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံး အနီးမှာ မနေ့ ဒီဇင်ဘာ ၂၁ ရက်၊ ည ၇ နာရီကျော် ဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ အဲဒီပါတီရဲ့ ရန်ကုန်တိုင်းရုံး ဥက္ကဋ္ဌ ဦးလှဋ္ဌေးက ပြောပါတယ်။

အဲဒီ ပေါက်ကွဲမှုဟာ ပြည်သူ့ပါတီရုံးခန်း အတက်၊ အဆင်း လှေခါးဘေးအနီး တိုက် နှစ်လုံးကြားမှာ ဖြစ်ပွားခဲ့တာလို့ ဦးလှဋ္ဌေးက ပြောပါတယ်။

“ည ၇ နာရီမခွဲခင်လေးမှာ ဖြစ်သွားတာပါ။ တိုင်းရုံး အတက်၊ အဆင်းလှေကားနဲ့ ဟိုဘက်တိုက်မှာ ကြားလမ်းလေးတခု ရှိတယ်။ အနောက်ဘက်ကို ဝင်ထွက်သွားလာနေတဲ့ လမ်းပေါ့။ ကျွန်တော်တို့ တိုင်းရုံးရဲ့ အတက်၊ အဆင်းလှေကားထိပ်ဆုံး၊ အဲဒီ လမ်းကြားထိပ်မှာ ဖြစ်သွားတာ” လို့ သူက ပြောပါတယ်။

ပါတီရုံးခန်းတိုက်ဟာ ရှစ်လွှာ‌ရှိတယ်လို့ သိရပြီး ပေါက်ကွဲမှုကြောင့် ငါးလွှာ၊ ခြောက်လွှာအထိ တိုက်ခန်း မှန်တွေအကုန် ကွဲကျ ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။

ဒါအပြင် ပေါက်ကွဲမှုကြောင့် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်မှာ အပေါက်ငယ် များစွာဖြစ်သွားခဲ့သလို အဲဒီဆိုင်းဘုတ်ရှေ့မှာ ရပ်ထားတဲ့ မော်တော်ကား တစီးလည်း ဗုံးစထိမှန် ပျက်စီးသွားခဲ့တယ်လို့ သူက ပြောပါတယ်။

“အဲဒီကားက ဘေးတိုက်က ကားလေးပေါ့။ ဆိုးတာကတော့ အဲဒီကားရဲ့မှန်ကို ‌ဗုံးကထွက်လာတဲ့ အစတွေက ဖောက်ဝင်ပြီးတော့ တဖက် မှန်တွေကနေ ပြန်ဖောက်ထွက်သွားတယ်။ အဲဒါကြောင့် အဲဒီကားရဲ့မှန် လေးခုစလုံး ပျက်စီးသွားတယ်။ အဲဒီလောက်အထိ အရှိန်ပြင်းပြင်းထန်ထန် ဖြစ်သွားတဲ့ အခြေအနေမျိုးကို တွေ့ရတယ်။ ပြီးတော့ ဒီဗုံးက အသံလည်း တော်တော်ကျယ်တယ်။ မော်တော်ကား မှန်တောင်မှ ဒီဘက်ကဝင်၊ ဟိုဘက်ကနေ ထုတ်ချင်းဖောက်သွားတယ်ဆိုတော့ လူသာဆိုရင် အသက်ရှင် နိုင်စရာ အကြောင်း မရှိဘူးပေါ့။ ပြီးတော့ ဗုံးစတွေက အဲဒီကားရဲ့ ဘော်ဒီကိုလည်း ဖောက်ထွက် သွားတယ်။ ကံကောင်းတာက အဲဒီအချိန် လမ်းမှာ လူရှင်းနေတဲ့အတွက် လူထိခိုက်တာတော့ မရှိခဲ့ဘူး” လို့ သူက ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းအဆင့်ဆင့် ရောက်ရှိလာပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကာ ဖောက်ခွဲမှု ပြုလုပ်သူကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သူက ပြောပါတယ်။

ဒါအပြင် ဒီဖြစ်စဉ်ကို သိရှိသူ တယောက်ကလည်း “ရုံးနားနေသူတယောက်ရဲ့ CCTV အရ လူငယ် နှစ်ယောက် လာပစ်ပြီး တယောက် အနည်းငယ် ထိတာမြင်ရတယ် ပြောတယ်။ ထွေ/အုပ်ရုံးက ဘယ်ရီဂိတ်တွေ ဖယ်ထားတယ်။ ဘယ်သူဘယ်ဝါ လုပ်တယ်ဆိုတာ မသိရသေးဘူး” လို့ ပြောပါတယ်။

ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံး ဥက္ကဋ္ဌ ဦးလှဋ္ဌေးရဲ့ ပြောဆိုချက်အရ အဲဒီပါတီ တိုင်းရုံးရဲ့ အရှေ့မှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနဲ့ ကော်မရှင်ရုံးရှိပြီး ထွေ/အုပ်ရုံးမှာ မြို့နယ်ကို တာဝန်ယူထားတဲ့ လုံခြုံရေးတပ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

“အဲဒီ ရုံးတွေဘက်မှာတော့ ဘာမှ မဖြစ်ပါဘူး။ ကျွန်တော်တို့ ရုံးဘက်မှာပဲ လာဖြစ်သွားတာ။ ဒါကြောင့် ပြောချင်တာက ကျွန်တော်တို့ပါတီကို ရည်ရွယ်ပြီး လုပ်တယ်ဆိုရင်တော့ ကျွန်တော်တို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့က နိုင်ငံရေးနည်းလမ်းအရ အလုပ် လုပ်နေတာလေ။ ကျွန်တော်တို့ ပြည်တွင်းမှာရှိနေတဲ့ အင်အားစုတွေကလည်း လက်ပိုက် ကြည့်နေမယ်ဆိုရင် ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ ဒါကြောင့် တရားဝင် လုပ်လို့ရတဲ့ နိုင်ငံရေး နည်းလမ်းအရ တိုင်းပြည်ရဲ့ အကြောင်းလေးတခုကို ကျွန်တော်တို့ ဝင်ရောက် လုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေအတွက် ကျွန်တော်တို့ကို နားလည်ပေးပါလို့ပဲ မေတ္တာရပ်ခံချင်ပါတယ်” လို့ ဦးလှဋ္ဌေးက ပြောပါတယ်။

ပြည်သူ့ပါတီ တိုင်းရုံးအနီး ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ မြို့ပြစစ်ဆင်ရေး သတင်း ထုတ်ပြန်ချက် ဆိုပြီး မနေ့ ဒီဇင်ဘာ ၂၁ ရက်၊ ရက်စွဲနဲ့ ဆိုရှယ် မီဒီယာမှာ ထွက်ပေါ်လာတဲ့ စာတစောင်မှာ ဖောက်ခွဲ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ဆင်ရေးတပ်ဖွဲ့ (SRDF) ၊ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊ Unknow YGN UG တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

တရားမဝင် ရွေးကောက်ပွဲမှာ စစ်အာဏာရှင် သက်ဆိုးရှည်အောင် “ထွက်ပေါက် မဟုတ်တဲ့ ထောင်ချောက်” အဖြစ် အသက်ဆက် ပါဝင်ကူညီခဲ့သူတွေကို စစ်အာဏာရှင် ဒေါက်တိုင်တွေအဖြစ် သတ်မှတ် အရေးယူတဲ့အနေနဲ့ အခုလို ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ အဲဒီ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါပေမယ့် ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတော့ အဲဒီထုတ်ပြန်ချက်ကို ဖော်ပြထားတာမျိုး မရှိသေးတဲ့အတွက် ဒီ ထုတ်ပြန်ချက်ဟာ အစစ်အမှန် ဖြစ်နိုင်ခြေ ရှိ၊ မရှိ ဆိုတာကိုတော့ မသိရသေးပါဘူး။

crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version