ဖိလစ်ပိုင်နိုင်ငံမှာ ခါမာဂီ တိုင်ဖုန်း ဝင်ပြီး ရက်ပိုင်းမှာပဲ နောက်ထပ် အင်အားပြင်း တိုင်ဖုန်း မုန်တိုင်း ‘’ဖန်ဝမ်’’ ထပ်မံ ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တပတ်မပြည့်ခင်က မုန်တိုင်းကြောင့် လူ ၂၀၀ ကျော် သေဆုံးပြီး ပျက်စီးဆုံး ရှုံးမှုများ ဖြစ်ပေါ်နေတဲ့ အချိန်မှာပဲ နောက်ထပ် မုန်တိုင်း ထပ်မံ တိုက်ခတ်တာလည်း ဖြစ်ပါတယ်။
မုန်တိုင်းရဲ့ လက်ရှိ လေတိုက်နှုန်းမှာ တနာရီ ၁၁၅ မိုင်နှုန်း ဖြစ်ပြီး မုန်တိုင်း အစောဆုံး ဝင်နိုင်ချိန်ကတော့ ဒေသစံတော်ချိန် တနင်္ဂနွေနေ့ ညနေပိုင်း ဖြစ်ကာ ဖိလစ်ပိုင်ရဲ့ အကြီးဆုံး လူဇွန် (Luzon) ကျွန်းပေါ်ကနေ ကုန်းတွင်း ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
ဖိလစ်ပိုင် မိုးလေဝသဌာန (Pagasa) က မုန်တိုင်းဟာ မိုးသည်းထန်စွာ ရွာသွန်းခြင်း နဲ့ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ မုန်တိုင်း ဒီလှိုင်းတွေ ရိုက်ခတ် နိုင်တယ်လို့ သတိပေးထားပါတယ်။
မုန်တိုင်းဟာ ကုန်းတွင်းကို ဝင်ရောက်ပြီးတဲ့နောက် လျင်မြန်စွာ အားလျော့ သွားမယ်လို့ မျှော်လင့် ရပေမယ့် လူဇွန်ကျွန်းပေါ် ဖြတ်သန်း နေချိန် တိုင်ဖွန်းအဆင့် ဆက်လက်တည်ရှိနေဖွယ်ရှိမယ်လို့ ဆိုပါတယ်။
ကျောင်းတွေကိုတော့ တနင်္လာနေ့ မှာ ပိတ်ထားတာ ဒါမှမဟုတ် အွန်လိုင်း ကနေ သင်ကြားတာမျိုး လုပ်ဖို့ စီစဥ်ထားကြပါတယ်။
Philippine Airlines ကတော့ ပြည်တွင်း လေကြောင်း ခရီးစဉ်များစွာ ကို ဖျက်သိမ်းထားပါတယ်။
နိုင်ငံ အရှေ့ဘက် ဒေသတွေမှာ ဒီကနေ့ စနေနေ့ညနေပိုင်း တွေမှာ မိုးသည်းထန်စွာ ရွာသွန်းနေပြီး လေပြင်းတွေ စတင် တိုက်ခိုက်နေပြီ ဖြစ်ပါတယ်။
—————————
THN Public Media
