
မတ်လ ၂၈ – ၂၀၂၆
မနေ့ မတ်လ ၂၇ ရက်နေ့က နေပြည်တော်မှာ စစ်တပ်က ကျင်းပတဲ့ ၈၁ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ဗိုလ်ချုပ်ဇော်မင်းထွန်း တက်ရောက်ခြင်း မရှိသလို အခုရက်ပိုင်း စစ်တပ်က ကျင်းပတဲ့ အခမ်းအနားတွေမှာ တက်ရောက်တာ မရှိတဲ့အတွက် ဗိုလ်ချုပ်ဇော်မင်းထွန်း တယောက် အရေးယူခံထားရသလား ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။
မတ်လ ၂၆ ရက်နေ့ကလည်း စစ်တပ် ဝါဒဖြန့် “တိမ်ပင်လယ်ခရီးကြမ်း” ရုပ်ရှင် မှာ ပါဝင်သရုပ်ဆောင်ခဲ့သူတွေကို ဆုချီးမြှင့်ပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ရာထူး တခု ဖြစ်တဲ့ (ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူး) ရာထူးကို ဗိုလ်မှူးချုပ် ရဲရင့်အောင် အဖြစ် ခေါ်ဆိုသွားပြီး အဲဒီအခမ်းအနားကို ဗိုလ်ချုပ်ဇော်မင်းထွန်း လည်း တက်ရောက်ခြင်း မရှိပါ။
ဗိုလ်ချုပ် ဇော်မင်းထွန်း ဟာ လက်ရှိ ရာထူး ၃ ခု ရှိပြီး တခုကတော့ ပြန်ကြားရေး ဒုဝန်ကြီး၊ ကာလုံ သတင်းအဖွဲ့ခေါင်းဆောင် နဲ့ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူး ရာထူးတို့ ဖြစ်ကြပါတယ်။
သူဟာ တပ်ချုပ်ရဲ့ လူယုံတဦးလို့ သိရပြီး တပ်ချုပ် ဘယ်သွားသွား လိုက်ပါ နေရသူ တဦးလည်း ဖြစ်ပါတယ်။
အခုအချိန်မှာ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းဟာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဖြစ်သွားပြီ ဖြစ်လို့ လာမယ့် အစိုးရအဖွဲ့မှာ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြန်ကြားရေးဝန်ကြီး ဖြစ်လာမယ်ဆိုတဲ့ ပြောဆို မှုတွေလည်း ရှိနေပါတယ်။
—————————
