ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကွန်ဒို အခန်း တခန်းမှာ နေထိုင်ပြီး အွန်လိုင်း လောင်းကစား ဝက်ဘ်ဆိုက်ဖွင့်ကာ စလော့ဂိမ်း လုပ်ငန်း လုပ်နေတဲ့ တရုတ် နိုင်ငံသား ၃ ဦး နဲ့ မြန်မာနိုင်ငံသား ၁ ဦးကို ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၃ ရက်နေ့က စစ်ဆေး ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်း မှာ ဖေါ်ပြထား ပါတယ်။
ကွန်ဒိုမှာ နေသူတွေဟာ မူးယစ်ဆေးဝါး စုဝေး သုံးစွဲနေသူတွေလို့ သံသယ ရှိကြောင်း ၁၃၈၆ ဟော့လိုင်းက တဆင့် တိုင်ကြားခံရတာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က အခန်းတွင်း ဝင်ရောက် ရှာဖွေရာမှာ တရုတ်လူမျိုး ၃ ဦးနဲ့ မြန်မာလူမျိုး ၁ ဦးတို့ကို တွေ့ရှိခဲ့ပြီး မူးယစ်ဆေးဝါး မတွေ့ရဘဲ အခန်းထဲမှာ လက်ပ်တော့ ကွန်ပျူတာ လေးလုံး တွေ့ရှိခဲ့ကာ တရုတ် ဘာသာနဲ့ ဖွင့်ထားတဲ့ အွန်လိုင်း ဝက်ဘ်ဆိုက်တွေကို တွေ့ခဲ့တာပါ။
အဲဒီ ဝက်ဘ်ဆိုက်တွေဟာ စလော့၊ ဘောလုံး၊ ဘက်စကတ်ဘော နဲ့ တခြား အားကစား တွေကို လောင်းနိုင်တဲ့ အဓိက လောင်းကစား ဝက်ဘ်ဆိုက် တွေ ဖြစ်တာကို တွေ့ရှိခဲ့ပြီး အွန်လိုင်း ရာဇဝတ်မှု ကျူးလွန်ဖို့ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ တရုတ် လူငယ်ကွန်ရက် တခု ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
တရုတ်လူမျိုး ၃ ဦးနဲ့ မြန်မာလူမျိုး ၁ ဦးဟာ ထိုင်းနိုင်ငံကို ခရီးသွားတွေ အဖြစ် ဝင်ရောက်လာပြီး ကျောင်းသားတွေ အဖြစ် ဟန်ဆောင် ထားကြောင်း၊ ဖုန်းတွေမှာ ကျောင်းသားအဖြစ် ဟန်ဆောင် ထားတဲ့ အချက်အလက်တွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရဲအရာရှိတွေကို ဘယ်လို လှည့်ဖြားရမယ်ဆိုတဲ့ သတိပေးချက်တွေနဲ့ ညွှန်ကြားချက်တွေကိုလည်း တွေ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
သူတို့ကို သက်သေခံ ပစ္စည်းတွေနဲ့ အတူ ဥပဒေ အရ ဆက်လက် ဆောင်ရွက်ဖို့ ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။
ကိုးကား၊ဓာတ်ပုံ – Matichon
Crd – Migrant Times
—————————
THN Public Media
