Sport

မကြာခင် ကျင်းပတော့မယ့် ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်စွဲနိုင်ခြေ ခန့်မှန်းချက်

ဇွန် ၂ – ၂၀၂၆

၂၀၂၆ ကမ္ဘာ့ဖလားအကြို ၄၈ သင်း အတွက် အဆင့်သတ်မှတ်ချက်

———————————————————-

ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကျင်းပဖို့ သိပ်မလိုတော့သလို ဒီတခေါက်မှာတော့ အရင်ကထက် ပိုပြီး ကြီးကျယ် ခမ်းနားလာတာ တွေ့ရပါတယ်။

ပြိုင်ပွဲဝင် အသင်းအရေအတွက် တိုးမြှင့်လိုက်တာကြောင့် ဒေသအသီးသီးက အသင်းတွေအတွက် နောက်ဆုံး အဆင့်ဆီ ရောက်လာဖို့ အခွင့်အရေး ပိုရလာခဲ့တာပါ။

ပွဲစဉ်တွေ နီးကပ်လာတာနဲ့အမျှ ဖလားရနိုင်ခြေ အနည်းဆုံးဖြစ်တဲ့ အသင်းကနေ ဖလားရနိုင်ခြေ အများဆုံး အသင်းအထိ ၄၈ သင်းလုံး အတွက် USA TODAY ရဲ့ အဆင့် သတ်မှတ်ချက်ကို ကြည့်ရအောင်ပါ။

အာဂျင်တီးနားကပဲ ချန်ပီယံဆုကို ဆက်ပြီး ကာကွယ်သွားမလား၊ အသင်းငယ်လေး တသင်းက အားလုံးကို အံ့အားသင့်အောင် လုပ်ပြမလား၊ ပြီးတော့ ဘယ်အသင်းကများ ဖြတ်မြင်း dark horse ဖြစ်လာပြီး ဖလား တက်ယူသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။

အဆင့်သတ်မှတ်ချက် အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်…

၄၈။ Curacao

ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်ပြီး ပြိုင်ခွင့်ရတဲ့ ဒီအသင်းရဲ့ သမိုင်းကြောင်းကတော့ အံ့ဩစရာ ကောင်းလှပါတယ်၊ ဒါပေမဲ့ သူတို့ရဲ့ အုပ်စုကတော့ နိုင်ငံကြီးတွေ အတွက်တောင် ရုန်းကန်ရမယ့် အနေအထားမျိုးပါ။

၄၇။ ဂျော်ဒန်

မကစားခင်ကတည်းက အောက်ခြေအသင်းလို့ သတ်မှတ်ခံထားရတဲ့ကြားက ဂျော်ဒန်အသင်းဟာ အဓိက ကစားသမားတွေ ဒဏ်ရာရတာမျိုး အဖြစ်မခံနိုင်တဲ့ အခြေအနေမှာ အခုလို ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

၄၆။ ကာတာ

ခြေစစ်ပွဲကို ကံကောင်းထောက်မစွာနဲ့ ကပ်ပြီး အောင်မြင်ခဲ့ကတည်းက ကာတာ အသင်းဟာ တပွဲမှ မနိုင်သေးပါဘူး။ အီရန်မှာဖြစ်နေတဲ့ စစ်ပွဲကြောင့် ပြင်ဆင်မှုတွေ အနှောင့်အယှက် ဖြစ်ခဲ့ရတာကို နားလည်ပေးလို့ ရပေမဲ့ ၂၀၂၂ ကထက် ပိုကောင်းတဲ့ ခြေစွမ်းမျိုး ပြသနိုင်ဖို့ကတော့ ခက်ခဲ ပါလိမ့်မယ်။

၄၅။ ကိတ်ဗာဒီ Cape Verde

ကမ္ဘာ့ဖလားပြိုင်ပွဲဆီ မျက်နှာသစ် အဖြစ် ရောက်လာတဲ့ အပြာရောင် ငါးမန်းများအသင်းဟာ ဒီအကြီးမားဆုံး စင်မြင့်ထက် ကနေ ရလဒ်ကောင်း တခုခု ရဖို့အတွက် ဝါရင့် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကောင်းတွေ အပေါ် အများကြီး မှီခိုရမှာ ဖြစ်ပါတယ်။

၄၄။ နယူးဇီလန်

သူတို့ရဲ့ ခံစစ်ပိုင်းက တောင့်တယ် ဆိုပေမဲ့ ၂၀၂၅ အတွင်း ရလဒ်တွေ ကတော့ နည်းပြ Darren Bazeley ရဲ့ အသင်းအတွက် အားရစရာ မရှိခဲ့ပါဘူး၊ ဒါ့အပြင် ထိပ်တန်း အသင်းကြီးတွေကို ဘယ်လို အကောင်းဆုံး ခံစစ်ဆင် မလဲဆိုတာ သက်သေပြဖို့ လိုနေပါသေးတယ်။

၄၃။ အီရတ်

နည်းပြ Graham Arnold ရဲ့ အသင်းဟာ အခက်အခဲများစွာကို ကျော်ဖြတ်ပြီးမှ ဖီဖာရဲ့ နိုင်ငံတကာ အဆင့် playoff ကနေ ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ၊ ဒါပေမဲ့ ဆုလာဘ် အနေနဲ့ သေမင်းတမန် အုပ်စုထဲ ကျရောက်သွားတာ ကတော့ သူတို့အတွက် ဆိုးရွားလွန်းပါတယ်။

၄၂။ ဆော်ဒီအာရေဗျ

ပြိုင်ပွဲနီးမှ နည်းပြ အပြောင်းအလဲလုပ်တာက အောင်မြင်မှုရလေ့မရှိပါဘူး၊ ပြီးခဲ့တဲ့ မတ်လ အတွင်းက ကစားခဲ့တဲ့ ခြေစမ်းပွဲ ရလဒ်တွေ ကလည်း ဆော်ဒီအာရေဗျ အသင်းအတွက် လုံးဝ အဆင်မပြေခဲ့ပါဘူး။

၄၁။ ပနားမား

အမေရိက အလယ်ပိုင်း ရဲ့ တဦးတည်းသော ကိုယ်စားပြု အသင်းဟာ အဆင့်ဒီထက် ပိုမြင့်နိုင်ပေမဲ့ ထိုးနှက်ချက်ကြီး နှစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်၊ အဲဒါတွေကတော့ အစုံရ ကွင်းလယ်လူ Coco Carrasquilla ရဲ့ ကြံ့ခိုင်မှု မသေချာတာနဲ့ အင်္ဂလန်၊ ခရိုအေးရှား၊ ဂါနာ တို့နဲ့ တအုပ်စုတည်း ကျရောက် သွားတာပဲ ဖြစ်ပါတယ်။

၄၀။ ချက်သမ္မတနိုင်ငံ

ဥရောပအသင်းတွေထဲမှာ အဆင့်အနိမ့်ဆုံး သတ်မှတ်ခံရပေမဲ့ အုပ်စုမဲခွဲမှု ကတော့ သူတို့အတွက် အခြေအနေ ကောင်းပါတယ်၊ ဒါပေမဲ့ နောက်တဆင့်တက်ဖို့ အတွက်တော့ မြေပြင်မှာ အစွမ်းကုန် ရုန်းကန်ရမှာ ဖြစ်သလို ဂိုးသွင်းဖို့ ကံတရားလည်း လိုအပ်ပါလိမ့်မယ်။

၃၉။ တူနီးရှား

အာဖရိက ဖလား ပြိုင်ပွဲတုန်းက အထင်ကြီးစရာ မရှိခဲ့သလို သူတို့ရဲ့ တိုက်စစ်ပိုင်းကလည်း အရမ်း မှန်းဆရ ခက်လွန်းတာကြောင့် မက္ကဆီကိုမြေပေါ်မှာ (အမေရိကန်မှာ တပွဲ) ထူးခြားတာတွေ လုပ်ပြနိုင်ဖို့ မျှော်လင့်ချက် နည်းပါးပါတယ်။

၃၈။ ဥဇဘက်ကစ္စတန်

ပထမဆုံးအကြိမ် လာပြိုင်တဲ့ အသင်းတွေထဲမှာ အဆင့်အမြင့်ဆုံး ဖြစ်ပြီး တကယ်တော်တဲ့ ကစားသမား ကောင်းတွေ ရှိနေပါတယ်၊ ဒါပေမဲ့ အခုရင်ဆိုင်ရမယ့် ထိပ်တန်း အသင်းကြီးမျိုးတွေနဲ့ သူတို့ တခါမှ စမ်းသပ် မကစားဖူးသေးပါဘူး။

၃၇။ ဟေတီ

ဒီအသင်းက စိတ်ဝင်စားစရာ သမိုင်းကြောင်းတခုတင် မကဘဲ ဝါရင့်လက်ရွေးစင် ကစားသမား တွေနဲ့ ဥရောပ ထိပ်တန်းလိဂ်တွေမှာ ကစားနေတဲ့ ကစားသမား သစ်တွေကို အကောင်းဆုံး ပေါင်းစပ် ထားတဲ့ အသင်းဖြစ်ပါတယ်။

၃၆။ အီရန်

အာရှခြေစစ်ပွဲမှာ ဒုတိယအဆင့်နဲ့ အသေအချာ အောင်မြင်ခဲ့ပေမဲ့ ကွင်းပြင်ပက အခြေအနေတွေကို မေ့ပစ် ဖို့တော့ ခက်ခဲပါလိမ့်မယ်၊ အမေရိကန် မြေပေါ်မှာ ညမအိပ်ချင်တဲ့ ပြဿနာအတွက် Tijuana မြို့မှာ တည်းခိုဖို့ စီစဉ် လိုက်တာကတော့ အကောင်းဆုံး ဖြေရှင်းချက် ဖြစ်သွားခဲ့ပါတယ်။

၃၅။ တောင်အာဖရိက

နည်းပြ Hugo Broos ရဲ့ အသင်းဟာ ပြည်တွင်း ကစားသမားတွေကိုပဲ အဓိက အခြေခံထား တာပါ၊ ဒါပေမဲ့ ပြည်ပမှာ ကစားနေတဲ့ ထူးချွန်တဲ့ ကစားသမား တချို့ကတော့ ဒီစည်းကမ်းကောင်း တဲ့ အသင်းရဲ့ ခြေစွမ်းကို ပိုပြီး မြှင့်တင်ပေးနိုင်ပါတယ်။

၃၄။ ဘော့စနီးယား-ဟာဇီဂိုဗီးနား

ပြီးခဲ့တဲ့ မတ်လ playoff ပွဲစဉ် နှစ်ပွဲမှာ အီတလီကို အကြိတ်အနယ် ကစားပြီးမှ ကမ္ဘာ့ဖလားဆီ ခက်ခက်ခဲခဲ တက်လှမ်းလာတာ ဖြစ်ပါတယ်။ နည်းပြ Sergej Barbarez ရဲ့ ကြမ်းကြမ်း တမ်းတမ်း ခံစစ်ဆင်တဲ့ ကစားဟန်ကြောင့် ရမှတ်တမှတ်၊ နှစ်မှတ်လောက် ခွဲယူနိုင်ခြေ ရှိပေမဲ့ ဒီထက် ပိုဖို့တော့ မလွယ်ပါဘူး။

၃၃။ အယ်လ်ဂျီးရီးယား

အယ်လ်ဂျီးရီးယားဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုကို အလွယ်တကူ ကျော်ဖြတ်ခဲ့သလို အာဖရိက ဖလား ပြိုင်ပွဲရဲ့ ပထမဆုံး ရှုံးထွက်ပွဲမှာလည်း ကမ္ဘာ့ဖလားဝင် ခရိုအေးရှားနဲ့ DR ကွန်ဂို တို့ကို ကျော်ဖြတ် နိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ သူတို့ရဲ့ အမြင့်ဆုံး ခြေစွမ်းကတော့ အရင်ခေတ်က အယ်လ်ဂျီးရီးယား အသင်းတွေလောက် အလားအလာမရှိပါဘူး။

၃၂။ ပါရာဂွေး

နည်းပြ Gustavo Alfaro ရဲ့ အသင်းတွေက ကြည့်ရတာ သိပ်မမြိုင်လှပေမဲ့ ပါရာဂွေးနဲ့ အံဝင်ခွင်ကျ ဖြစ်မယ့် ကစားကွက် စနစ်တခုတော့ ရှိထားပါတယ်၊ ဒါ့အပြင် တိုက်စစ်မှူး wချို့ကလည်း ဂိုးတွေ ပြန်သွင်းပေးလာနိုင်နေပါပြီ။

၃၁။ DR Congo

သူတို့ရဲ့ အားကောင်းတဲ့ ခံစစ်ပိုင်းက အုပ်စုတွင်း ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်မှာ သေချာပေမဲ့ ထိပ်တန်း တိုက်စစ်မှူး အချို့ရှိနေတာတောင် ဂိုးသွင်း ရုန်းကန်နေရတဲ့ ပြဿနာကိုတော့ လျစ်လျူရှုလို့ မရပါဘူး။

၃၀။ စကော့တလန်

ခြေစစ်ပွဲ အောင်မြင်လာပုံကတော့ တကယ့်ကို အံ့ဩစရာကောင်းခဲ့ပြီး Scott McTominay ကလည်း ဆက်လက် ခြေစွမ်းပြနေပါတယ်၊ ဒါပေမဲ့ ဒီအသင်းရဲ့ အရည်အချင်းက ဘယ်လောက် အထိပဲ သွားနိုင်မလဲဆိုတဲ့ ကန့်သတ်ချက် ကတော့ ရှိနေဆဲပါ။

၂၉။ အီဂျစ်

ခံစစ်ပိုင်း ကတော့ အတော်လေး အဆင်သင့်ဖြစ်နေပုံရပါတယ်၊ ဒါပေမဲ့ မိုဟာမက် ဆာလာ ဂိုးမသွင်း နိုင်ရင် တခြားသူတွေလည်း သွင်းမှာ မဟုတ်ဘူးလို့ ခံစားရစေပြီး၊ ဒါဟာ အာဖရိက ဖလား ဆီမီးဖိုင်နယ်မှာ ဆီနီဂေါကို ရှုံးနိမ့်တာနဲ့ တတိယ နေရာလုပွဲမှာ နိုင်ဂျီးရီးယားကို ရှုံးနိမ့်ခဲ့ရတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။

၂၈။ ဆွီဒင်

ဘယ် ဆွီဒင်အသင်းက တကယ့်အစစ်အမှန်လဲဆိုတာ ဝေခွဲရခက်ပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲတုန်းက နောက်ဆုံးနေရာ အထိ ကျဆင်းခဲ့တဲ့ အသင်းလား။ ဒါမှမဟုတ် playoff ပွဲစဉ်တွေမှာ Viktor Gyökeres လို ကစားသမားမျိုးနဲ့ ယူကရိန်းနဲ့ ပိုလန်တို့ကို အလွယ်တကူ ကျော်ဖြတ်လာခဲ့တဲ့ အသင်းလားဆိုတာ စောင့်ကြည့်ရမှာပါ။

၂၇။ သြစတြေးလျ

Cristian Volpato ပါဝင်လာတာက အသင်းအတွက် ပြဿနာဖြစ်မယ့် အစား သြစတြေးလျကို ပိုပြီး အားကောင်းစေမှာပါ၊ ဒါပေမဲ့ သူတို့ဟာ ထိပ်တန်း အသင်းကြီးတွေနဲ့ ကစားရတဲ့အခါ ထူးထူး ခြားခြား ခြေစွမ်းပြနိုင်ခြင်း မရှိသေးပါဘူး။

၂၆။ ဂါနာ

နည်းပြ Carlos Queiroz ကို ခန့်အပ်လိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် သူတို့ရဲ့ ကစားဟန်က ဘယ်လို ပုံစံဖြစ်လာမလဲဆိုတာ ထင်ရှားပါတယ်။ ကြည့်ရှုသူတွေ အတွက်တော့ ပျော်စရာ ကောင်းမှာ မဟုတ်ပေမဲ့ ပြိုင်ပွဲ အကြို ခြေစမ်းပွဲတွေတုန်းက ခံစစ်ပိုင်း အားနည်းချက်တွေ အများကြီးရှိခဲ့တဲ့ ဂါနာအသင်း အတွက်တော့ အဆင်ပြေမယ့် ကစားကွက်မျိုး ဖြစ်နိုင်ပါတယ်။

၂၅။ တောင်ကိုရီးယား

ဆွန်ဟောင်မင်နဲ့ လီကန်အင်တို့ အပေါ် အများကြီး မှီခိုနေရပေမဲ့ ကိုရီးယား အသင်းအနေနဲ့ မက္ကဆီကို မြေပေါ်က အုပ်စုပွဲစဉ်တွေကို ကျော်ဖြတ်ပြီး နောက်ပိုင်းပွဲတွေမှာပါ ခြေစွမ်းပြနိုင်မယ့် လမ်းစတွေ ရှိနေပါတယ်။

၂၄။ သြစတြီးယား

အသင်းခေါင်းဆောင် David Alaba နဲ့ Marko Arnautović တို့ နှစ်ယောက် စလုံး အသက် ၃၀ ကျော်နေကြပြီ ဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီဝါရင့် အသင်းဟာ ခြေစစ်ပွဲအောင်မြင်ဖို့ လမ်းစမြင် ကတည်းက အရှိန်အဟုန် ကောင်းကောင်းနဲ့ ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။

၂၃။ အိုင်ဗရီကို့စ်

နည်းပြ Emerse Fae ဟာ အာဖရိက ဖလားပြိုင်ပွဲတုန်းက လွဲချော်ခဲ့တဲ့ ပုံမှန်ကစား သမားတချို့ ပြန်ရလာခဲ့ပြီး ပြီးခဲ့တဲ့ မတ်လ ခြေစမ်းပွဲတွေ တုန်းကလည်း အခြေအနေကောင်းခဲ့ပါတယ်။ အုပ်စုအဖွင့်ပွဲအဖြစ် အီကွေဒေါနဲ့ ကစားရမယ့်ပွဲက သူတို့အတွက် အလွန်အရေးကြီးပါတယ်။

၂၂။ တူရကီ

Arda Guler နဲ့ Kenan Yıldız တို့လို ကစားသမားတွေ ရှိတာကြောင့် ဒီအသင်းရဲ့ တိုက်စစ်ဆင် နိုင်စွမ်းကို သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမဲ့ နံပါတ် ၉ နေရာမှာ တောင်ပံ ကစားသမားကို အထိုင်ချပြီး ကစားခိုင်းနေရတာကြောင့် နည်းပြ Vincenzo Montella အနေနဲ့ ၁-ဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်တွေနဲ့ပဲ ကျေနပ် နေရတာ အများကြီး ရှိပါတယ်။

၂၁။ ကနေဒါ

အိမ်ရှင်အဖြစ် ပူးတွဲကျင်းပတဲ့ ဒီမြောက်အမေရိက အသင်းဟာ နည်းပြ Jesse Marsch အနေနဲ့ သူ့အသင်းသားတွေရဲ့ ကြံ့ခိုင်မှုကို အပြည့်အဝ ယုံကြည်မှုရှိရင် ဒီထက် အဆင့်အများကြီး မြင့်နိုင်ပါတယ်။ လက်ရှိမှာတော့ အဓိက ကစားသမား အတော်များများဟာ ကလပ်အသင်း ရာသီကုန်မှာ ဒဏ်ရာ စာရင်းထဲ ပါဝင်နေတာကြောင့် ပြိုင်ပွဲမှာ အဝေးကြီးအထိ သွားနိုင်ဖို့ အတွက်တော့ အားရစရာ သိပ်မရှိပါဘူး။

၂၀။ ဥရုဂွေး

အမြဲတမ်း စည်းစည်းလုံးလုံး ရှိလှတဲ့ ဒီအသင်းမှာ သဘောထားကွဲလွဲမှုတချို့ ကြုံခဲ့ရပါတယ်၊ ဒါပေမဲ့ နည်းပြ Marcelo Bielsa ကတော့ ၂၀၂၄ Copa América ပြိုင်ပွဲမှာ တတိယရခဲ့တဲ့ အရည်အချင်း ရှိတဲ့ အသင်းသားတွေကို မြောက်အမေရိက မြေပေါ်ဆီ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။

၁၉။ မော်ရိုကို

စာရွက်ပေါ်မှာတော့ အာဖရိကဖလား ချန်ပီယံဖြစ်ခဲ့ပေမဲ့ ပြိုင်ပွဲတွင်းက သူတို့ရဲ့ စွမ်းဆောင်ရည် တွေကတော့ သိပ်ပြီး အထင်ကြီးစရာ မကောင်းခဲ့ပါဘူး။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လက Walid Regragui ထွက်ခွာသွားပြီးနောက် အသစ်ခန့်အပ်လိုက်တဲ့ နည်းပြအသစ် အနေနဲ့ ၂၀၂၂ ကလို အံ့ဖွယ် ခြေစွမ်းမျိုး ပြန်ပြနိုင်ဖို့ အတွက် အသင်းကို အမြန်ဆုံး ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

၁၈။ ဆွစ်ဇာလန်

အုပ်စုမဲခွဲမှု အခြေအနေ ကောင်းတာနဲ့ မျှတတဲ့ အသင်းဖွဲ့စည်းပုံကြောင့် ဆွစ်ဇာလန် အသင်းဟာ ဒီပြိုင်ပွဲရဲ့ ဖြတ်မြင်း ဖြစ်လာနိုင်ခြေ ရှိပါတယ်၊ အထူးသဖြင့် တိုက်စစ်မှူး Breel Embolo ဂိုးမြူးလာရင် ပိုဖြစ်နိုင်ပါတယ်။

၁၇။ ခရိုအေးရှား

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား နှစ်ကြိမ်စလုံးမှာ ဆုဖလား စင်မြင့်ထက် အထိ တက်လှမ်းနိုင်ခဲ့တဲ့ အသင်းမို့ သူတို့ကို လျှော့တွက်ရင်တော့ ကိုယ်ပဲ မှားပါလိမ့်မယ်။ ဒါပေမဲ့ အားကောင်းပြီး ငယ်ရွယ်တဲ့ ခံစစ်ပိုင်း ရှိနေရင်တောင် အသက် ၄၀ အရွယ် Luka Modric နဲ့ ၃၇ အရွယ် Ivan Perisic တို့ ကတော့ တချိန်ချိန်မှာ အရှိန်လျော့သွားဖို့ ရှိနေပါတယ်။

၁၆။ ကိုလံဘီယာ

James Rodriguez ဟာ ကော်ဖီစိုက် (Cafeteros) အသင်းကို တောင်အမေရိက ချန်ပီယံရှစ် ဗိုလ်လုပွဲ အထိ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ၂၀၂၄ ကိုပါအမေရိက ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပေမဲ့ ဒီတခေါက်မှာတော့ အဲဒီဆုကို ထပ်ရဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ တိုက်စစ်မှာ Luis Díaz ဦးဆောင်နေပြီး မူလခံစစ်တန်း တခုလုံးလည်း ပြန်ပါလာတာကြောင့် James တယောက်တည်း ဝန်ထုပ်ဝန်ပိုး အများကြီး ထမ်းထားစရာ မလိုတော့ပါဘူး။

၁၅။ ဂျပန်

ဂျပန်အသင်းဟာ ဒဏ်ရာရနေတဲ့ Kaoru Mitoma ကို ပေးကစားလို့ မရ ဖြစ်ပေမဲ့ အာရှခြေစစ်ပွဲ တုန်းက ထိပ်တန်းအဆင့် ရှိတယ်ဆိုတာ သက်သေပြခဲ့တဲ့ အသင်းပီပီ တခြား အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီး ကျန်ပါသေးတယ်။

၁၄။ နော်ဝေ

ပရိသတ်အများစုက Erling Haaland နဲ့ Martin Ødegaard တို့ကို သိကြပါတယ်။ တကယ်လို့ သာမန် ဘောလုံးပရိသတ်တွေပါ နော်ဝေအသင်းရဲ့ ခံစစ် ကစားသမားတွေရဲ့ နာမည်ကို မှတ်မိသွားကြရင်တော့ ဒါဟာ နော်ဝေအတွက် အောင်မြင်တဲ့ ပြိုင်ပွဲတခု ဖြစ်လာပါလိမ့်မယ်။

၁၃။ အမေရိကန်

အိမ်ရှင်အသင်းအနေနဲ့ တနိုင်ငံလုံးရဲ့ အားပေးမှုကို ရယူပြီး ခေတ်သစ် ကမ္ဘာ့ဖလား သမိုင်း တလျှောက် သူတို့အတွက် အကောင်းဆုံး ရလဒ်တစ်ခု ရအောင် စွမ်းဆောင်နိုင်တဲ့ အလားအလာ ရှိပါတယ်။ တဘက်ကလည်း ပြီးခဲ့တဲ့ မတ်လ ခြေစမ်းပွဲ နှစ်ပွဲလုံးမှာလို ခြေစွမ်း အကြီးအကျယ် ပျက်ပြားပြီး အုပ်စုအဆင့် ကနေတင် လှည့်ပြန်ရတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

၁၂။ မက္ကဆီကို

El Tri အသင်းအပေါ် မျှော်လင့်ချက် သိပ်မကြီးပေမဲ့ အုပ်စုပထမ ရသွားခဲ့ရင်တော့ နောက်ထပ် ရှုံးထွက်ပွဲစဉ် နှစ်ပွဲလုံးကို မက္ကဆီကိုမြေပေါ်မှာပဲ ဆက်ကစားရမှာဖြစ်ပြီး၊ ဒါဟာ ပရိသတ် အားပေးမှုနဲ့ ကွင်းအသာ အနေအထားအရ သူတို့အတွက် အကြီးမားဆုံး အားသာချက် ဖြစ်လာ ပါလိမ့်မယ်။

၁၁။ ဘယ်လ်ဂျီယံ

Jeremy Doku ဟာ မတ်လ ခြေစမ်းပွဲတွေတုန်းက အမေရိကန်နဲ့ မက္ကဆီကို အသင်းတွေကို အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ကွယ်မှာ Kevin De Bryune နဲ့ Youri Tielemans တို့လို ကစားသမားတွေ ရှိနေတာကြောင့် ဒီဘယ်လ်ဂျီယံ အသင်းဟာ နောက်တကြိမ် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ပြီး အဝေးကြီးအထိ သွားနိုင်မယ့် ပုံစံမျိုး ရှိနေပါတယ်။

၁၀။ အီကွေဒေါ

ဒီအသင်းမှာ သဘောမကျစရာ ဘာမှမရှိပါဘူး။ နည်းပြ Sebastián Beccacece ဆီမှာ Independiente del Valle ကျောင်းက ထွက်လာတဲ့ ထိပ်တန်း ခံစစ်မှူးတွေနဲ့ ထက်မြက်တဲ့ တိုက်စစ်မှူး တွေ ရှိနေပါတယ်။ ဒါပေမဲ့ ဝါရင့်တိုက်စစ်မှူး Enner Valencia အနေနဲ့တော့ ဂိုးရှေ့မှာ ထိရောက်မှု ရှိဖို့ လိုအပ်ပါလိမ့်မယ်။

၉။ ဆီနီဂေါ

နည်းပြ Pape Thiaw နဲ့ အဖွဲ့ချုပ် အကြား သဘောထားကွဲလွဲမှု သတင်းတွေကတော့ စိုးရိမ်စရာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ မတ်လတုန်းက ပြင်သစ်မြေပေါ်မှာရော ပြည်တွင်းမှာပါ သူတို့ရဲ့ အာဖရိက ဖလား ဆုဖလားကြီးကို လှည့်လည်ပြသခဲ့စဉ်က အသင်းရဲ့ အခြေအနေ ကတော့ အလွန်ကောင်းမွန်ခဲ့ပါတယ်။ အာဖရိကရဲ့ အားအကိုးရဆုံး အသင်းဖြစ်ပြီး သူတို့ရဲ့ ခံစစ်တန်း ကတော့ ထိပ်တန်း တိုက်စစ်တွေကိုတောင် တားဆီးနိုင်မှာ ဖြစ်ပါတယ်။

၈။ ပေါ်တူဂီ

ခရစ္စတီယာနို ရော်နယ်ဒို က အသင်းအတွက် အထောက်အကူ ပြုနိုင်ဆဲ ဖြစ်ပေမဲ့ သူ့ဘေးနားက အရည်အချင်းရှိတဲ့ ကစားသမားတွေက ပိုပြီး အရေးကြီးပါတယ်။ ဘာနာဒို ဆေးလ်ဗား၊ Joao Felix နဲ့ Vitinha တို့ အားလုံးဟာ အသင်းရဲ့ ရေရှည်အောင်မြင်မှု အတွက် ပိုပြီး အရေးပါလာမှာ ဖြစ်ပါတယ်။

၇။ ဘရာဇီး

နည်းပြ Carlo Ancelotti ရဲ့ လက်ရှိ အသင်းဟာ အရင်ခေတ်က ဘရာဇီး အသင်းတွေလောက် အရည်အချင်း မပြည့်ဝပါဘူး၊ နေမာကို အသင်းထဲ ထည့်သွင်းထားတာကပဲ ဒါကို သက်သေ ပြနေတာပါ။ ဒါပေမဲ့ ခြေစွမ်းကျနေတဲ့ ဘရာဇီးအသင်း ဆိုရင်တောင် သူတို့မှာ အားသာချက်တွေ အများကြီး ရှိနေပါသေးတယ်။

၆။ ဂျာမနီ

ဂျာမနီအသင်းမှာ အတွေ့အကြုံရှိတဲ့ ကစားသမားတွေ အများကြီး ပါဝင်နေတာကြောင့် ဂိမ်းကစားဟန်ကို ပြောင်းလဲပေးနိုင်တဲ့ လူငယ် ကစားသမား Said El Mala ကို ချန်လှပ်ခဲ့တာက ပိုပြီး အံ့ဩစရာ ကောင်းနေပါတယ်။

၅။ နယ်သာလန်

နယ်သာလန်အသင်းဟာ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ် ကနေ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း တပွဲပဲ ရှုံးပါသေးတယ်၊ သူတို့ရဲ့ စိတ်ချရတဲ့ ခံစစ်တန်းက ပြိုင်ဘက်တွေကို အကောင်းဆုံး ပိတ်ဆို့ ထားနိုင်လို့ပါပဲ။ Memphis Depay ကတော့ ခန့်မှန်းရခက်တဲ့ ကစားသမား ဖြစ်ပြီး သူသာ ဂိုးမြူးလာရင် အရာအားလုံး အဆင်ပြေသွားနိုင်ပါတယ်။

၄။ အင်္ဂလန်

နည်းပြ Thomas Tuchel အသင်းကို ကိုင်တွယ်နေပြီး ဟာရီကိန်း ကလည်း ဂိုးရှေ့မှာ အကောင်းဆုံး ခြေစွမ်းပြ နေတာကြောင့် အင်္ဂလန်အသင်းရဲ့ အောင်မြင်မှုဟာ မြူးနစ်မြို့ကနေ တဆင့် ရောက်လာနိုင်ခြေ ရှိပါတယ်။

၃။ အာဂျင်တီးနား

လက်ရှိချန်ပီယံအသင်းမှာ လီယွန်နယ် မက်ဆီ၊ Julian Alvarez ၊ Dibu Martinez နဲ့ ၂၀၂၂ က ကြယ်ပွင့်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကြံ့ခိုင်မှု ပိုင်းဆိုင်ရာ မေးခွန်းထုတ် စရာတွေ အများကြီးရှိနေပြီး (မက်ဆီ အပါအဝင်ပေါ့) ဒါကြောင့်မို့ သူတို့ကို ဇယားထိပ်ဆုံးမှာ မထားခြင်း ဖြစ်ပါတယ်။

၂။ ပြင်သစ်

ဒမ်ဘီလီ၊ ဘာပေ၊ Tchouaméni ၊ Upamecano စတဲ့ နာမည်ကြီး ကစားသမားတွေ ပြင်သစ် အသင်းမှာ တန်းစီနေတာ ဖြစ်ပါတယ်။ နည်းပြ Didier Deschamps အနေနဲ့ အသင်းရဲ့ စည်းလုံးမှု ကိုပဲ ဆက်ထိန်းထားဖို့ လိုပြီး အောင်မြင်မှုကတော့ လက်တကမ်းမှာတင် ရှိနေပါတယ်။

၁။ စပိန်

Lamine Yamal သာ ဒဏ်ရာကင်းကင်းနဲ့ ကစားနိုင်ရင် ဒီအဆင့် ၁ နေရာက ပိုပြီး ခိုင်မာသွား ပါလိမ့်မယ်။ လက်ရှိ ဥရောပချန်ပီယံ အသင်းဟာ ၂၈ ပွဲဆက်တိုက် မရှုံးသေးတဲ့ စံချိန်တင်ထားတာ ဖြစ်ပြီး ဒါကိုတော့ လျစ်လျူရှုထားဖို့ လုံးဝမဖြစ်နိုင်ပါဘူး။

ref: USA TODAY

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *