THN Public Media Blog သတင်း နိုင်ငံရေး မဒက်ဂတ်စကာ မှာ အထူးတပ်ဖွဲ့က နိုင်ငံတော် အာဏာကို ထိန်းချုပ်၊ အပြောင်းအလဲမှာ Gen Z လူငယ်တွေ ပါဝင် စေမယ်
နိုင်ငံရေး

မဒက်ဂတ်စကာ မှာ အထူးတပ်ဖွဲ့က နိုင်ငံတော် အာဏာကို ထိန်းချုပ်၊ အပြောင်းအလဲမှာ Gen Z လူငယ်တွေ ပါဝင် စေမယ်

Malagasy Colonel Michael Randrianirina (C), head of the CAPSAT military unit, stands with other members of the unit after reading out a statement in front of the presidential palace where he announced they are taking power in Antananarivo on October 14, 2025. An elite Madagascar military unit told AFP on October 14, 2025 it had taken power in the country after the national assembly voted to impeach President Andry Rajoelina for desertion?of?duty. (Photo by Luis TATO / AFP) (Photo by LUIS TATO/AFP via Getty

အောက်တိုဘာ ၁၅ – ၂၀၂

အာဖရိက အရှေ့ဘက်က ကျွန်းနိုင်ငံ တခုဖြစ်တဲ့ မဒက်ဂတ်စကာ မှာ အထူးစစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ က နိုင်ငံတော်အာဏာကို ထိန်းချုပ်လိုက်ပြီး သမ္မတ အန်ဒရီ ရာဂျိုလီနာ Andry Rajoelina ကို ရာထူးက ဖြုတ်ချ လိုက်ပြီ ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်နေ့မှာ ကြေညာလိုက် ပါတယ်။

ရာထူးက ဖြုတ်ချခံလိုက်ရပြီ ဖြစ်တဲ့ သမ္မတ အန်ဒရီ ရာဂျိုလီနာ ကတော့ လုံခြုံ‌ရာ တနေရာကို ထွက်ပြေးသွားတယ်လို့ သိရတယ်။

မဒက်ဂတ်စကာ နိုင်ငံမှာ သီတင်းပတ်ပေါင်းများစွာကြာ Gen Z – မဒက်ဂတ်စကာ လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေ အပြီး အခုလို ဖြစ်စဥ်တွေ ဖြစ်ခဲ့တာပါ။

မနေ့က သမ္မတအိမ်တော် အပြင်ဘက်မှာ အထူးတပ်ဖွဲ့ CAPSAT ရဲ့ အကြီးအကဲ ဗိုလ်မှူးကြီး မိုက်ကယ် ရန်ဒရီယာနီရီနာ (Col Michael Randrianirina) က စစ်တပ် အနေနဲ့ အစိုးရ ဖွဲ့စည်းပြီး ၂ နှစ်အတွင်း ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင် မျိုးလို အဓိက ကျတဲ့ အဖွဲ့အစည်း‌တွေကိုလည်း ဆိုင်းငံ့ထားလိုက်ပါတယ်။

အခု အပြောင်းအလဲမှာ ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့တဲ့ Gen Z လူငယ်တွေ လည်း ပါဝင်စေမယ် လို့ ဗိုလ်မှူးကြီး က ပြောပါတယ်။

မြို့တော် အန်တာနာနာရီဗို (Antananarivo) မှာ စစ်သားတွေနဲ့ ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ အလံတွေ ဝှေ့ယမ်းကာ သမ္မတ ရာဂျိုလီနာကို ဖြုတ်ချနိုင်ခဲ့တဲ့ အပေါ် အောင်ပွဲခံနေခဲ့ကြပါတယ်။

CAPSAT အထူးတပ်ဖွဲ့ဟာ မဒက်ဂတ်စကာမှာ အာဏာအရှိဆုံး စစ်ဘက် ယူနစ် ဖြစ်ပါတယ်။

ဒီ အထူးတပ်ဖွဲ့ဟာ ရာဂျိုလီနာ ၂၀၀၉ အာဏာ ရရှိစဉ် က ထောက်ခံခဲ့ ပေမယ့် ပြီးခဲ့တဲ့ စနေနေ့မှာတော့ ဆန္ဒပြသူတွေနဲ့ ပူးပေါင်း ခဲ့တာ ဖြစ်ပါတယ်။

မဒက်ဂတ်စကာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ကနေ ဗိုလ်မှူးကြီး ရန်ဒရီယာနီရီနာ ကို နိုင်ငံတော် ခေါင်းဆောင်သစ် အဖြစ် သတ်မှတ် လိုက်ပါတယ်။

ဒါပေမယ့်လည်း သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ သမ္မတ ရာဂျိုလီနာ ဟာ ဆက်လက် တာဝန်ယူနေဆဲ ဖြစ်ကြောင်းနဲ့ အခုဖြစ်ရပ်ကို “အာဏာသိမ်းရန် ကြိုးပမ်းမှု” အဖြစ် ရှုတ်ချထားပါတယ်။

ရာထူးက ဖြုတ်ချခံရတဲ့ သမ္မတ ရာဂျိုလီနာ ဘယ်မှာ ရှိတယ်ဆိုတာ မသိရှိ ရသေး ပေမယ့်လည်း သူ့အနေနဲ့ လုံခြုံတဲ့နေရာမှာ ရှိတယ်လို့ ထုတ်ဖေါ် ပြောဆိုထားပြီး “စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ နိုင်ငံရေး သမားတွေ” က သူ့ကို လုပ်ကြံဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

CAPSAT အထူးတပ်ဖွဲ့ကတော့ ဒီစွပ်စွဲမှုဟာ သူတို့ နဲ့ မဆိုင်ကြောင်း ငြင်းဆို လိုက်ပါတယ်။

သမ္မတကို ပြင်သစ်စစ်တပ် လေယာဉ်နဲ့ နိုင်ငံပြင်ပ ခေါ်ထုတ်သွားပြီ ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနကလည်း သက်ဆိုင်သူ အားလုံးကို “ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းကို လိုက်နာကြဖို့” အင်္ဂါနေ့ က တိုက်တွန်းခဲ့ပါတယ်။

#ဆန္ဒပြမှုတွေနဲ့ နိုင်ငံရေးပဋိပက္ခ

————————–

မဒက်ဂတ်စကာမှာ နိုင်ငံအနှံ့ ကာလကြာရှည် ဖြစ်နေတဲ့ ရေနဲ့မီး ပြတ်လပ်မှု ပြဿနာ တွေကြောင့် လူငယ်တွေ ဦးဆောင် တဲ့ ဆန့်ကျင် လှုပ်ရှားမှု တခု ဖြစ်ပွားခဲ့ပြီးနောက် နှစ်ပတ်ကျော် အကြာမှာ မငြိမ်မသက် မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံမှာ အလုပ်လက်မဲ့နှုန်းများပြားနေပြီး အဂတိ လိုက်စားမှု တွေနဲ့ ကုန်ကျစရိတ် ကြီးမြင့်မှုတွေ ကြောင့် ရာဂျိုလီနာ အစိုးရ အပေါ် မကျေနပ်မှု တွေကလည်း ဆန္ဒပြမှုတွေကို ပိုမို မြင့်တက် လာစေခဲ့ ပါတယ်။

ဆန္ဒပြမှုတွေ အတွင်း လုံခြုံရေးတပ်ဖွဲ့တွေ နဲ့ ထိပ်တိုက်တွေ့ရာမှာ အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂ က ပြောပါတယ်။

အစိုးရကတော့ ဒီအရေအတွက်တွေဟာ ကောလဟာလ နဲ့ သတင်းမှား တွေသာ ဖြစ်တယ်ဆိုပြီး ပယ်ချခဲ့တာပါ။

#သမ္မတ ရာဂျိုလီနာ က ဘယ်သူလဲ

————————–

စီးပွားရေး လုပ်ငန်းရှင်ဖြစ်သလို၊ အရင်က DJ တဦး ဖြစ်ခဲ့တဲ့ သမ္မတ ရာဂျိုလီနာ ကို တချိန်ကတော့ မဒက်ဂတ်စကာ အတွက် နိုင်ငံကို အသစ်ပြန် လန်းဆန်း စေမယ့် ခေါင်းဆောင် တဦးအနေနဲ့ မြင်ခဲ့ကြတာ ဖြစ်ပါတယ်။

သူဟာ အသက် ၃၄ နှစ် မှာ သမ္မတဖြစ်လာခဲ့ပြီး အာဖရိကတိုက်ရဲ့ အသက်အငယ်ဆုံး ခေါင်းဆောင်ဘွဲ့ကို ရရှိခဲ့ကာ လေးနှစ် အုပ်ချုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲ အပြီးမှာလည်း အာဏာပြန်ရခဲ့ပါတယ်။

ဒါပေမယ့်လည်းသူဟာ အသိမိတ်ဆွေတွေကို မျက်နှာသာပေးမှုနဲ့ အဂတိ လိုက်စားမှု စွပ်စွဲချက်တွေကြောင့် လူကြိုက်များမှု ကျဆင်းခဲ့ရပါတယ်။

အခုအချိန်မှာ သူ့လက်ထဲမှာ အာဏာ မရှိတော့ပေမယ့် အခြေအနေ တွေကို ဆက်လက်လွှမ်းမိုးဖို့ သူက ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

အင်္ဂါနေ့မှာ လွှတ်တော်အမတ်တွေက ရာဂျိုလီနာကို ရာထူးက ဖယ်ရှားဖို့ ၁၃၀ မဲနဲ့ အပြတ်အသတ်ကို မဲပေးခဲ့ကြပါတယ်။

သူရဲ့ Irmar ပါတီဝင်တွေ ကတောင် သူ့ကို ရာထူးက ဖယ်ရှားရေး အတွက် အများစုက မဲပေးခဲ့ကြပါတယ်။ ရာဂျိုလီနာ ကတော့ ဒါဟာ တရားဝင်မှု မရှိဘူးဆိုပြီး ပယ်ချခဲ့ပါတယ်။

အာဖရိကသမဂ္ဂ (AU) က မဒက်ဂတ်စကာ ရဲ့ နိုင်ငံရေးကိစ္စတွေမှာ စစ်သားတွေ ဝင်ရောက်စွက်ဖက်တာ ကို သတိပေးခဲ့ပြီး “ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီတဲ့ အစိုးရအပြောင်းအလဲတွေ” ကို ပယ်ချကြောင်း ပြောကြားခဲ့ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် ကလည်း အခြေအနေတွေဟာ “အလွန်အမင်း စိုးရိမ်စရာ” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မဒက်ဂတ်စကာ ဟာ မကြာသေးမီ နှစ်တွေ အတွင်း နိုင်ငံရေး မငြိမ်မ သက်မှု များစွာကို ဖြတ်သန်းခဲ့ရပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ မဒက်ဂတ်စကာ နိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး လူဦးရေ သန်း ၃၀ မှာ ၇၅% ဟာ ဆင်းရဲ မွဲတေမှုမျဉ်း အောက်မှာ ရောက်ရှိနေထိုင် ရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version