မေလ ၁ – ၂၀၂၆
အမေရိကန် သံရုံးက တည်ထောင်ထားတဲ့ မန္တလေးမြို့က ဂျက်ဖာဆင် စင်တာ ကို ဧပြီလ ၂၉ ရက်နေ့က တရားဝင် ပြန်လည်ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။
“ရှေးဟောင်းအမွေအနှစ်အဆောက်အအုံ” တခုဖြစ်တဲ့ ဒီစင်တာကို ၂၀၂၅ ငလျင် လှုပ်ခတ်ပြီးခဲ့တဲ့ နောက်ပိုင်းမှာ အပြည့်အဝ ပြန်လည် ပြုပြင် မွမ်းမံပြီးတဲ့ အထိမ်းအမှတ် အနေနဲ့ ဧပြီ ၂၉ မှာ သံရုံးအကြီးအကဲ ဒေါက်ဂ်ဆောန်နစ်ခ်ဟာ အထူးဧည့်ခံပွဲတစ်ခု ကျင်းပခဲ့ကြောင်း ရန်ကုန် အမေရိကန် သံရုံးက ထုတ်ပြန်ထားပါတယ်။
ဂျက်ဖာဆင်စင်တာဟာ အမေရိကန်ပြည်ထောင်စုနဲ့ အထက်မြန်မာပြည် ကြားမှာ ဆယ်စုနှစ်ပေါင်းများစွာ အရေးပါတဲ့ ပေါင်းကူးတံတား တခု အဖြစ် တည်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ခဲ့တာဟာ လူငယ်ခေါင်းဆောင်တွေ၊ ပညာရှင်တွေနဲ့ ကျောင်းသူကျောင်းသားတွေ အတွက် အပြန်အလှန် ချိတ်ဆက်မှုတွေ၊ လေ့လာသင်ယူမှုတွေနဲ့ ဆန်းသစ်တီထွင်မှုတွေပြုလုပ်ဖို့ ဘေးကင်းလုံခြုံပြီး ခေတ်မီတဲ့ ရပ်ဝန်းတစ်ခုကို ဖြည့်ဆည်းပေးမယ့် မိမိတို့ရဲ့ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုလိုက်တာပဲ ဖြစ်တယ် လို့လည်း ဖေါ်ပြထား ပါတယ်။
ပိုမိုခိုင်ခံ့ပြီး ပိုမိုဘေးကင်းလုံခြုံတဲ့ ဂျက်ဖာဆင်စင်တာ ကနေ လူမှု အသိုက်အဝန်းတွေကို ပြန်လည်ကြိုဆိုခွင့် ရတဲ့အတွက် အထူး ဂုဏ်ယူ ဝမ်းမြောက်မိကြောင်း လည်း ထုတ်ပြန်ထားပါတယ်။
အရင်တုန်းကတော့ အမေရိကန်စင်တာ လို့ လူသိများခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ Jefferson Center ဂျက်ဖာဆင် စင်တာ လို့ နာမည်ပြောင်း ခဲ့ပြီး မန္တလေးက လူငယ်တွေ ဗဟုသုတ ရှာဖွေဖို့နဲ့ အင်္ဂလိပ်စာ လေ့ကျင့်ဖို့ အတွက် အားထားရတဲ့ နေရာတခု ဖြစ်ပါတယ်။
—————————
THN Public Media
