ပြည်တွင်း

မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးနေတဲ့ ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌနဲ့ အဖွဲ့ကို အောင်ဇမ္ဗူ ဇာတ်အဖွဲ့ လာရောက်တောင်းပန်

မတ် ၅ – ၂၀၂၆

မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးနေတဲ့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနဲ့ အဖွဲ့ကို မင်းသား ‌အောင်ဇမ္ဗူအပါအဝင် ဇာတ်သဘင် အဖွဲ့ တာဝန်ရှိသူတွေက ဒီကနေ့ ညနေ ၄ နာရီ ကျော်လောက်မှာ လာရောက် တောင်းပန် သွားတယ်လို့ သိရပါတယ်။

“တောင်းပန်သွားတာကတော့ ဦးမြတ်သူဝင်းကို ပုဂ္ဂိုလ်ရေး တိုက်ခိုက် တာရယ်၊ အသင်းအဖွဲ့ပေါ် တိုက်ခိုက်တာရယ်၊ မသန်စွမ်းသူတွေ အပေါ်မှာ သူ့ပရိသတ်တွေ စော်ကားတာရယ်၊ အဲဒါတွေ အကုန်လုံးကို အားလုံး ကိုယ်စား သူတောင်းပန်တယ်ဆိုပြီး မင်းသား အောင်ဇမ္ဗူက ပြောသွားပါတယ်။ သေသေချာချာတော့ သူ တောင်းပန်သွားပါတယ်” လို့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်း က မနက်ဖြန် မတ်လ ၆ ရက်နေ့မှာ ကျင်းပမယ့် မီဒီယာ သတင်းစာရှင်းလင်းပွဲမှာ အကြောင်းစုံ ဖြေကြားပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) အနေနဲ့ လတ်တလောဖြစ်ပွားခဲ့တဲ့ မသန်စွမ်းမှုနဲ့ ဆက်စပ်လျက်ရှိတဲ့ သဘင်အနုပညာ တင်ဆက်မှုတခုနဲ့ ပတ်သက်လို့ သတင်းမီဒီယာ တွေ့ဆုံပွဲတရပ်ကို မနက်ဖြန် မတ်လ ၆ ရက်နေ့၊ နေ့လယ် ၂ နာရီမှာ ရန်ကုန်မြို့ရှိ Summit Park View ဟိုတယ်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တတိယပတ်က ရန်ကင်းမြို့နယ်၊ မိုးကောင်းဘုရားပွဲမှာ မင်းသား အောင်ဇမ္ဗူအပါအဝင် ဇာတ်အဖွဲ့ထဲက လူရွှင်တော်တွေ၊ မင်းသမီးတွေက “ကျီစားသလား” သီချင်း တီးလုံးနဲ့ မသန်စွမ်းသူတွေရဲ့ လမ်းလျှောက်တဲ့ပုံစံနဲ့ ကပြခဲ့တာ ဖြစ်ပြီး အဲဒီကပြမှု ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက် မသန်စွမ်းသူတွေ အပါအဝင် ပြည်သူတွေက ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ ရုပ်သံဖိုင် ထွက်ပေါ်လာပြီးနောက်ပိုင်း ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းကလည်း အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ရဲ့ ကပြဖျော်ဖြေ သရုပ်ဖော်မှုတွေမှာ မသန်စွမ်းမှုကို သရော်ထားတဲ့ လုပ်ဆောင် ချက်တွေကို တွေ့ရှိရတဲ့အတွက် ထိရောက်စွာ အရေးယူနိုင် ရေး ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာတော့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) က သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကြောင့်လို့ ဆိုကာ အောင်ဇမ္ဗူ ဇာတ်သဘင် အဖွဲ့ကို ပွဲကခွင့် တနှစ်ပိတ်လိုက်တယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ဟာ ပွဲကခွင့် တနှစ်ပိတ်လိုက်တယ်လို့ ကြေညာလိုက်တဲ့နေ့မှာပဲ ညတွင်းချင်း ပွဲပြန်ကခွင့် ပြန်လည်ရရှိခဲ့တာ ဖြစ်ပြီး အဲဒီလို ပွဲကခွင့် ပြန်လည် ရရှိခဲ့တာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လက်ရှိအချိန်အထိ တရားဝင် ကြေညာချက် ထုတ်ပြန် ထားခြင်း မရှိသေးပါ။

Photo – CJ

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *