မတ်လ ၁ – ၂၀၂၆
မိတ်ဖက်ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့သာ ဖြေရှင်းနိုင်ကြဖို့ကို NUG နဲ့ SRA သဘောတူညီခဲ့ ကြတယ်လို့ မောင်ဆောင်းခ က သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသား ဖေါ်ပြထား ပါတယ်။
ဖေဖေါ်ဝါရီ ၂၇ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ နွေဦးတော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု SRA တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ အပေါ် SRA ခေါင်းဆောင် မောင်ဆောင်းခ က အခုလို ရေးသားခဲ့တာ ဖြစ်ပါတယ်။
SRA ကိစ္စတွေ အပြင် SRA ထဲ မပါဝင်ကြသေးတဲ့တပ်ဖွဲ့တွေရဲ့ အရေးကိစ္စတွေကိုပါ သေချာ ဆွေးနွေး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် NUG လက်အောက်ခံ မဟုတ်တဲ့တပ်တွေ အပေါ် NUG ရဲ့ သဘောထားကို မေးမြန်း အတည်ပြုနိုင်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။
(ဒါပေမယ့် ဘာတွေကို အတည်ပြုနိုင်ခဲ့တယ် ဆိုတာကိုတော့ ပြောမထားပါ)
NUG နဲ့ SRA အကြား အပြန်အလှန် အသိအမှတ်ပြုနိုင်ကြဖို့၊ ကျေလည်သော ညီညွတ်ရေးကို အတူတကွ တည်ဆောက်နိုင်ကြဖို့ ကိုလည်း သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
NUG ကနေ လိုကယ် အဖွဲ့ဖြစ်တဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA ကို ပြစ်မှုကျူးလွန်မှုတွေ မဖြေရှင်းလို့ ဆိုပြီး ဝိုင်းပိတ် တိုက်ခိုက်လို့ ဗိုလ်နဂါး စစ်တပ်ထံ လက်နက်ချသွားပြီးနောက် ၁၀ ရက်အကြာမှာ NUG နဲ့ လိုကယ်တွေ စုဖွဲ့ထားတဲ့ SRA တို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဗိုလ်နဂါး ဖြစ်စဥ်နဲ့ ပတ်သက်ပြီး SRA က တစုံတရာ သဘောထား ထုတ်ပြန်တာ မရှိသေးပါ။
—————————
THN Public Media
