မေလ ၆ – ၂၀၂၆
မြန်မာနိုင်ငံကလွဲလို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံတော်အကြီးအကဲ တွေအားလုံးဟာ ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့မှာကျင်းပမယ့် ၂၀၂၆ အာဆီယံ ထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို တက်ရောက် ကြမှာ ဖြစ်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက် အတွင်းဝန်နဲ့ အာဆီယံ ပြောရေးဆိုခွင့်ရှိသူ Dominic Xavier Imperial က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ ကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန်နဲ့ SOM ခေါင်းဆောင် အဆင့်မြင့် အရာရှိ တို့ ကပဲ တက်ရောက်မှာ ဖြစ်တယ်လို့ Imperial က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ ပြုလုပ်ခဲ့တဲ့ လွှတ်တော် မဲခွဲဆုံးဖြတ်မှုက တဆင့် သမ္မတ ဖြစ်လာ ခဲ့တာပါ။
မြန်မာသမ္မတသစ် ဘာကြောင့် ဒီနှစ် အာဆီယံ ထိပ်သီး အစည်းအဝေး ကို မတက်တာလဲလို့ မေးမြန်းတဲ့အခါမှာတော့ Imperial က “ကျွန်တော်တို့က ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်တာပါ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေ တွေကြောင့် ထိပ်သီး အစည်းအဝေးတွေမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုကို SOM ခေါင်းဆောင်နဲ့ အမြဲတမ်း အတွင်းဝန် တို့ပဲ တက်ရောက်ဖို့ အာဆီယံခေါင်းဆောင်တွေက အရင်ကတည်းက ဆုံးဖြတ်ထားခဲ့တာပါ။
အဲဒီဆုံးဖြတ်ချက်က အခုထက်ထိ ပြောင်းလဲခြင်း မရှိသေးသလို ဆုံးဖြတ်ချက် အသစ်လည်း မရှိသေးတာကြောင့် မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုဟာ ဒီအတိုင်းပဲ ဆက်ရှိနေဦးမှာဖြစ်တယ်လို့ သူက ရှင်းပြခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ အစောပိုင်း ကလည်း မြန်မာနိုင်ငံမှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြု၊ မပြုဆိုတဲ့အပေါ်မှာ အာဆီယံ အနေနဲ့ ဘုံသဘောတူညီချက် မရသေးဘူးလို့ Imperial က ပြောခဲ့ပါသေးတယ်။
မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကိစ္စတွေမှာ အဖွဲ့ဝင်နိုင်ငံတွေအကြား ဆက်လက် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ တောင်းဆိုထားတဲ့ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်မှု အခြေအနေတွေ ကိုလည်း အဖွဲ့ဝင်နိုင်ငံတွေက စောင့်ကြည့်နေကြတယ်လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ကတော့ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ အရှေ့တီမော နဲ့ ဗီယက်နမ် နိုင်ငံတို့ ဖြစ်ကြပါတယ်။
အာဆီယံထိပ်သီးအစည်အဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို မေလ ၆ ရက်နေ့ကနေ မေလ ၈ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။
Ref: GMA news
—————————
THN Public Media
