ဇွန် ၁၃ – ၂၀၂၆
မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အကြောင်း စာအုပ် ရေးသားခဲ့တဲ့ အမေရိကန် စီးပွားရေးသမား တဦးဟာ ကြာသပတေး နေ့က မြန်မာနိုင်ငံ အပြန် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံလိုက် ရတယ်လို့ ဒီအကြောင်းကို သိရှိသူ နှစ်ဦးရဲ့ အဆိုအရ သိရပါတယ်။
မြန်မာနိုင်ငံရှိ အမေရိကန်ကုန်သည်ကြီးများအသင်း AmCham ရဲ့ အကြီးအကဲဟောင်း တဦးဖြစ်ပြီး၊ ရန်ကုန်မြို့မှာ အခြေစိုက်ကာ လုံခြုံရေး ကုမ္ပဏီတခုကို ဖွင့်လှစ်ထားတဲ့ Adam Castillo ဟာ မြန်မာနိုင်ငံ အဝင် လေဆိပ် မှာတင် တားဆီး ထိန်းသိမ်းခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တဦးကတော့ မြန်မာနိုင်ငံမှာ အမေရိကန် နိုင်ငံသားတဦး ထိန်းသိမ်းခံရတယ်ဆိုတဲ့ သတင်းတွေကို သိရှိထားပါတယ်လို့ ပြောပေမဲ့၊ “ကိုယ်ရေးကိုယ်တာ လုံခြုံမှု ဆိုင်ရာ စိုးရိမ်မှုတွေကြောင့်” ထပ်မံ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ ပါတယ်။
စစ်ကောင်စီ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းချက်တွေ အပေါ် ချက်ချင်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။
လူမှုကွန်ရက်ပေါ်က တင်ထားတဲ့ ပို့စ်တွေအရ Adam Castillo ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု အပြီး မြန်မာနိုင်ငံမှာ ဆက်လက်နေထိုင်ခဲ့တဲ့ အကြောင်း ရေးသားထားတဲ့ “Finding Our Voice” ဆိုတဲ့ သူ့ရဲ့ စာအုပ်ကို ပြည်ပမှာ သွားရောက် မိတ်ဆက် ဖြန့်ချိနေခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ စာအုပ်ထဲမှာတော့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေအပေါ် စစ်တပ်ရဲ့ သွေးထွက်သံယို နှိမ်နင်းမှုတွေကို မှတ်တမ်းတင်ထားရုံတင် မကဘဲ၊ ဝါရှင်တန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေ အပါအဝင် မူဝါဒတွေဟာ ထိရောက်မှု မရှိဘူးလို့လည်း ဝေဖန်ထားပြီး စီးပွားရေးအရ ပိုမိုထိတွေ့ ဆက်ဆံဖို့ အတွက် တိုက်တွန်းထားတာ ဖြစ်ပါတယ်။
အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်း တဦးလည်း ဖြစ်တဲ့ Adam Castillo ဟာ ပြီးခဲ့တဲ့နှစ်က အိမ်ဖြူတော်ဆီ သွားရောက်ခဲ့ပြီး အမေရိကန် အနေနဲ့ မြေရှားသတ္တုတွေကို ရရှိနိုင်မယ့် အခွင့်အလမ်း အတွက် ငြိမ်းချမ်းရေး ပွဲစား အဖြစ် ဆောင်ရွက်ဖို့ အရာရှိတွေကို အကြံပြုခဲ့ဖူးတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။
Ref: reuters
—————————
THN Public Media
