နိုင်ငံရေး

မြန်မာနိုင်ငံပုံရိပ် ကို ထိခိုက်စေတဲ့ ပြောကြားချက်ကို ရှောင်ကြဥ်ဖို့ တီမောလက်စတေ ကို တိုက်တွန်း၊ မြန်မာပြည်တွင်းရေး မှားယွင်းစွာ ပြောကြားချက်ကို ပယ်ချ

East Timor’s President Jose Ramos-Horta is seen before delivering a special address during the 23rd Shangri-La Dialogue summit in Singapore on May 30, 2026. (Photo by JAM STA ROSA / AFP via Getty Images

ဇွန် ၄ – ၂၀၂၆

မြန်မာနိုင်ငံ ပုံရိပ်ကို ထိခိုက်စေတဲ့ မှားယွင်းစာ ပုံဖေါ်ပြောကြားချက်ကို ရှောင်ကြဥ်ဖို့ တီမောလက်စ်တေ နိုင်ငံကို နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီး ဌာနက တိုက်တွန်းချက် တစောင် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

မကြာသေးခင်က စင်ကာပူ နိုင်ငံ ရှန်ဂရီလာ ဆွေးနွေးပွဲ နဲ့ ဂျကာတာမြို့ အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသန (ERIA) အစည်း အဝေးတွေမှာ တီမောလက်စ်တေ သမ္မတ ဟိုဆေး ရာမို့စ် ဟော်တာ က မြန်မာနိုင်ငံ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး အထင်အမြင် လွဲမှားစေအောင် ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ မြန်မာနိုင်ငံ ပြည်တွင်းရေးကို ဝင်ရော စွက်ဖက်တာဖြစ်ပြီး အာဆီယံ ပဋိညာဉ်ကို ဆန့်ကျင်နေတဲ့ အတွက် မြန်မာ-တီမောလက်စ်တေ နှစ်နိုင်ငံ ဆက်ဆံရေးကို ဆိုးရွားစွာထိခိုက်စေတယ်လို့ ဖေါ်ပြထား ပါတယ်။

တီမောလက်စ်တေ သမ္မတ အနေနဲ့ နိုင်ငံတကာ ဖိုရမ်တွေကို လွဲမှားစွာ အသုံးချပြီး မြန်မာနိုင်ငံ ပြည်တွင်းရေး ကိစ္စရပ်တွေ အပေါ် မှားယွင်းစွာ ပြောကြားနေမှုတွေကို ပယ်ချတယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။

တီမောလက်စ်တေနိုင်ငံ အနေနဲ့ အာဆီယံပဋိညာဉ်ပါ မူတွေကို လေးစား လိုက်နာဖို့ကိုလည်း နောက်ဆုံးမှာ တိုက်တွန်းထားပါတယ်။

#နေပြည်တော် ထုတ်ပြန်ချက် အပြည့်အစုံ

—————————————

မြန်မာနိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေသည့် မှားယွင်းစွာ ပုံဖော်ပြောကြားချက်များကို ရှောင်ကြဉ်ရန် တီမောလက်စ်တေနိုင်ငံအား တိုက်တွန်း

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်တွင် စင်ကာပူ မြို့၌ ကျင်းပခဲ့သော ရှန်ဂရီလာဆွေးနွေးပွဲ (Shangri-La Dialogue) နှင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက် တွင် ဂျကာတာမြို့၌ ကျင်းပခဲ့သည့် အာဆီယံနှင့် အရှေ့အာရှစီးပွားရေးသုတေသန (ERIA) အစည်း အဝေးတွင် တီမောလက်စ်တေနိုင်ငံ သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာ က မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့် စပ်လျဉ်းသည့် အထင်အမြင်လွဲမှားစေသည့် ပြောကြားချက်များကို စိတ်မကောင်းဖွယ် တွေ့ရှိရပါသည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါပြောကြားမှုများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာ ကိစ္စ ရပ်များအပေါ် ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ပြီး အာဆီယံပဋိညာဉ်ပါ အခြေခံမူများ၊ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို လေးစားလိုက်နာမှုမရှိဘဲ ဆန့်ကျင်ဆောင်ရွက်နေခြင်းဖြစ်သည် ဟု မှတ်ယူပါသည်။ ထိုသို့သော ပြောကြားချက်များသည် မြန်မာ-တီမောလက်စ်တေ နှစ်နိုင်ငံ ဆက်ဆံရေးကို ဆိုးရွားစွာထိခိုက်စေပြီး အာဆီယံမိသားစုစိတ်ဓာတ်ကိုလည်း ထိခိုက်ပျက်စီးစေ ပါသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် သမိုင်းကြောင်းဆိုင်ရာ အခြေအနေများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေး၊ လူမျိုးရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများ ပါဝင်နေသည့်အတွက် အလွန်နက်နဲရှုပ်ထွေးပါသည်။ မြန်မာအစိုးရအနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲရေးတို့ကို မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင် လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်ရန် အခိုင်အမာ ကတိကဝတ်ပြုထားပါသည်။

မြန်မာအစိုးရအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မရေးထိုးထားသောအဖွဲ့များအား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်နိုင်ရေးနှင့် PDF အကြမ်းဖက်အဖွဲ့ဝင်များကိုလည်း ဥပဒေဘောင်အတွင်း သို့ ပြန်လည်ဝင်ရောက်ကာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်ဖိတ်ခေါ်ထားပါသည်။

မြန်မာနိုင်ငံတွင် တီမောလက်စ်တေသမ္မတ၏ လွဲမှားသည့် ပြောကြားချက်များနှင့် ဆန့်ကျင်ကာ နေရာဒေသအများစုတွင် တည်ငြိမ်အေးချမ်းလျက်ရှိပါသည်။ နယ်စပ်ဒေသအချို့ တွင်သာ လုံခြုံရေး အကန့်အသတ်ရှိနေခြင်းဖြစ်ပြီး ယင်းမှာလည်း လက်နက်ကိုင်အဖွဲ့များ၏ ကျူးကျော်တိုက်ခိုက်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ခုခံကာကွယ်သည့်အနေဖြင့် တုံ့ပြန်ရခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုရှိသော မြေပြင်အခြေအနေမှန်များကို မည်သူမဆို ကိုယ်တိုင်လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်အပ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် တီမောလက်စ်တေသမ္မတ၏ နိုင်ငံတကာဖိုရမ်များကို လွဲမှားစွာ အသုံးချ၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များအပေါ် မှားယွင်းစွာပြောကြားနေမှုများကို လေးနက်စွာ ပယ်ချပါသည်။ တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေ သည့် မှားယွင်းစွာ ပုံဖော်ပြောကြားချက်များကို ရှောင်ကြဉ်ရန်နှင့် အာဆီယံပဋိညာဉ်ပါ ရည်ရွယ် ချက်နှင့် အခြေခံမူများကို တာဝန်သိ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် လေးစားလိုက်နာရန် တိုက်တွန်းပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်

——————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *