ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က မကြာခင် မြန်မာစစ်တပ်က ကျင်းပဖို့ ရှိတဲ့ ရွေးကောက်ပွဲကို လေ့လာသူတဦး စေလွှတ်ဖို့ စီစဉ်နေကြောင်း တိုကျိုမြို့ NHK သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ အနေနဲ့ လေ့လာသူ စေလွှတ်တာဟာ ရွေးကောက်ပွဲကို တရားဝင် ဖြစ်စေဖို့ ရည်ရွယ်တာမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ ဆက်လက် ထိတွေ့ ဆက်ဆံသွားဖို့သာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါ တယ်။
လက်ရှိအခြေအနေ အရ ဒီရွေးကောက်ပွဲဟာ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲ တခု မဟုတ်နိုင်ပေမယ့် ကောင်းမွန် တိုးတက်လာဖို့ အတွက် အစပျိုး ချက် တခု ဖြစ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။
မြန်မာစစ်တပ်က အရပ်သားအုပ်ချုပ်ရေး ပုံစံပြောင်းမယ့် လုပ်ငန်းစဉ် တစိတ်တပိုင်း အဖြစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က စလို့ ရွေးကောက်ပွဲ ကို အပိုင်း ၃ ပိုင်းခွဲပြီး ကျင်းပဖို့ ရှိပါတယ်။
အာဆီယံ အဖွဲ့ အနေနဲ့ ကတော့ ဒီမိုကရေစီရေး လိုလားသူတွေကို ဖယ်ထားတဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြု ထောက်ခံရာ ရောက်မှာ စိုးတဲ့ အတွက် လေ့လာသူတွေ စေလွှတ်တာတွေ မလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။
—————————
THN Public Media
