နိုင်ငံရေး

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြီးတဲ့နောက်လည်း အာဆီယံ နဲ့ မြန်မာပြန်လည် ထိတွေ့ ဆက်ဆံရေး ခက်ခဲမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား

နိုဝင်ဘာ ၂၆ – ၂၀၂၅

အာဆီယံ ဒေသတွင်းအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့ နောက်မှာ မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံဖို့ ခက်ခဲ လိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က မနေ့က ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံခြားရေး သတင်းထောက်များကလပ် မှာ ကျင်းပတဲ့ အခမ်းအနား တခုမှာ သူက “လက်ရှိအခြေအနေတွေ အောက်မှာရော၊ သက်ဆိုင်သူတွေ ပါဝင်မှုရှိတဲ့ လိုအပ်တဲ့ ဆွေးနွေးမှုမျိုး မရှိသေးဘဲ ရွေးကောက်ပွဲ ကျင်းပမယ့် အချက်ကြောင့် မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့ ပြန်လည် ထိတွေ့ ဆက်ဆံဖို့ ခက်ခဲလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်’’ လို့ ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေးဖို့ကိုလည်း သူက တောင်းဆိုလိုက်ပါတယ်။

“သူမကို ပြန်လွှတ်ပေးဖို့ ကောင်းမွန်စွာ စဉ်းစားပေးသင့်ပြီလို့ ထင်ပါတယ်” လို့ သူက စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြီး ပြောကြားခဲ့ ပါတယ်။

“သူမကို ဖမ်းဆီးထားတာ အရမ်းကြာနေပြီ၊ သူ့အသက်အရွယ်နဲ့ဆို ကျန်းမာရေး အခြေအနေကို ကျွန်တော်တို့ မသိနိုင်ဘူး” လို့လည်း သူက ပြောသွားပါတယ်။

“ဒီအခြေအနေမှာ စည်းလုံးမှုကို ကျွန်တော်တို့ ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့လည်း သူက ဆိုပါတယ်။

အာဆီယံ ၁၁ နိုင်ငံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာစစ်တပ် အနေနဲ့ တရားမျှတပြီး အားလုံးပါဝင်မှုရှိတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြီးခဲ့တဲ့လမှာ ဖိအားပေးခဲ့ပြီး လေးနှစ်သက်တမ်းရှိ အာဆီယံ ရဲ့ ဘုံ ၅ ချက် ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာဖို့ တောင်းဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြားမှာ ဒီဇင်ဘာလ ၂၈ မှာ အပိုင်းလိုက် ရွေးကောက်ပွဲ စတင်ဖို့ စီစဥ်ထားပါတယ်။

ဒီရွေးကောက်ပွဲဟာ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်တပ် အာဏာတိုးချဲ့ဖို့ အတွက် လိမ်လည်လှည့်ဖြားခြင်းသာ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *